By MPA
ရခိုင်အပါအဝင် စစ်မြေပြင်တိုင်းတွင် တိုက်ပွဲတိုင်းရှုံးနိမ့်ကာ စစ်စခန်းများနှင့် မြို့များကို တောက်လျှောက် လက်လွှတ်နေရသည့် စစ်ကော်မရှင်နှင့် ၎င်းတို့၏ စစ်လော်ဘီများသည် အာရက္ခတပ်တော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သေဆုံးသွားပြီဟုဆိုကာ သတင်းအမှားများဖြင့် အကြီးအကျယ် ဝါဒဖြန့် လိမ်လည်လျက်ရှိသည်။
စစ်တပ်ထောက်ခံသည့် ရွှေပြည်သစ်နှင့် View of Sue အမည်ရှိ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များသည် မြေပြင်စစ်ရှုံးမှုကို ဖုံးကွယ်ရန်နှင့် လူထုကို အာရုံလွှဲရန်အတွက် ယခုကဲ့သို့ စိတ်ကူးယဉ်သတင်းတုများကို ရုပ်ပျက်ဆင်းပျက် ထုတ်လွှင့်လာခြင်း ဖြစ်သည်။
အဆိုပါ စစ်လော်ဘီချန်နယ်များ၏ ရေးသားချက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ကျောက်ဖြူမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့ဘာသာ ဇာတ်လမ်းဆင် ကောက်ချက်ဆွဲထားကြသည်။
ယင်းအပြင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ စစ်တပ်ထံ အလံဖြူပြ လက်နက်ချတော့မလိုလိုနှင့် စစ်တပ်ကပင် မုဒိမ်းမှုများကို တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်နေသလိုလိုဖြင့် မြေပြင်အခြေအနေကို ပြောင်းလဲလှန်ပစ်ကာ ဝါဒဖြန့်နေကြသည်။
သို့သော်လည်း မြေပြင်အမှန်တရားတွင် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်အထိ စစ်ကော်မရှင်တပ်များကို အမြစ်ပြတ် တိုက်ထုတ်ကာ တရားဝင် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ထို့ပြင် ချင်းပြည်နယ်၏ အရေးပါသော ပလက်ဝဒေသတစ်ခုလုံးကိုလည်း AA က အပိုင်စီး စိုးမိုးထားပြီး ဖြစ်သည်။
စစ်ကော်မရှင်တပ်သည် ရခိုင်ပြည်နယ်တွင်သာမက ၎င်းနှင့် ထိစပ်နေသည့် မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများအထိပါ AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော စစ်ရေးထိုးစစ်ဆင်မှုများကို အကြီးအကျယ် ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင်လည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါပွိုင့်ကုန်းစခန်းများက ကစဉ့်ကလျား ထွက်ပြေးသွားသည့် စစ်အုပ်စုဝင်များကို AA တို့က လိုက်လံတိုက်ခိုက်ခဲ့ရာ ဇူလိုင်လ (၄) ရက်နေ့တွင် ထွက်ပြေးနေသော ရန်သူများနှင့် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ရန်သူ့အလောင်းအချို့တို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုထားသည်။
ထို့ကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်နှင့် ထိပ်သိုက်တွေ့တိုင်း တိုက်တိုင်းရှုံးကာ စခန်းစွန့်ထွက်ပြေးနေရကြောင်း မြေပြင်ပြည်သူများက သိရှိကြသည်။
စစ်မြေပြင်တွင် သေနတ်ချင်း ယှဉ်မပစ်ရဲဘဲ လေကြောင်းမှတစ်ဆင့် အရပ်သားပြည်သူများကိုသာ ပစ်မှတ်ထား ဗုံးကြဲလေ့ရှိသည့် စစ်ကော်မရှင်သည် စစ်ရှုံးသိက္ခာကျနေမှုကို ဖုံးကွယ်ရန် လော်ဘီချန်နယ်များမှတစ်ဆင့် “ဗိုလ်ချုပ်ထွန်းမြတ်နိုင် သေပြီ” ဟူသော သတင်းအမှားများဖြင့် ၎င်းတို့၏ နောက်လိုက်များကို လိမ်ညာအားပေးနေရသည့် အခြေအနေ ဆိုက်ရောက်နေသည်။
စစ်ရှုံးနေသည့် အာဏာသိမ်းစစ်အုပ်စုသည် စစ်မြေပြင်တွင် မနိုင်ပါက သတင်းအမှား ဝါဒဖြန့်ချိရေး ယန္တရားကို အသုံးချကာ လူထုကို စိတ်ဓာတ်ပျက်ပြားအောင် အမြဲတမ်း ကြံစည်လေ့ရှိသည်။
ထို့ပြင် ကိုယ်တိုင်မုဒိမ်းမှုပေါင်းများစွာ ကျူးလွန်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ်က ၎င်းတို့ကိုယ်တိုင် တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေသယောင် ရေးသားနေခြင်းမှာ သိုးရေခြုံသည့် ဝံပုလွေများ၏ လုပ်ရပ်သာ ဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကော်မရှင် စစ်လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များမှ ထွက်ပေါ်လာသော သတင်းအဆိပ်အတောက်များနှင့် လိမ်လည်လှည့်ဖြားမှုများကို သတိပြု စိစစ်ကြရန် လိုအပ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက တိုက်တွန်းထားကြသည်။
