အလှမွေးရေပုတ်သင်များသည် သဘာဝထဲရှိ ဒေသရင်းမျိုးစိတ်များကို ထိခိုက်နိုင်သဖြင့် မလွှတ်သင့်ဟုဆို

ဓာတ်ပုံ - NSCI
ပုံစာ - မြန်မာနိုင်ငံရှိ ရေပုတ်သင်မျိုးစိတ်များအားတွေ့ရစဉ်

အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် အလှမွေးရေပုတ်သင်များသည် သဘာဝထဲရှိ ဒေသရင်းမျိုးစိတ်များကို ထိခိုက်နိုင်သဖြင့် မလွှတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။

ထို့ပြင် အလှမွေးရေပုတ်သင်တွင် ပါလာနိုင်သည့် ရောဂါများသည် သဘာ၀အတိုင်းရှင်သန်နေသည့် ရေပုတ်သင်များကို ထိခိုက်နိုင်သည့်အတွက် ပြဿနာများရှိကြောင်း Native Species Conversation & Identificationအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒီပြဿနာက မြန်မာတွင်သာမက အရှေ့တောင်အာရှတခွင်လုံးမှာ တော်တော်ဆိုးရွားပါတယ်၊ အနောက်နိုင်ငံတွေမှာကြုံရတဲ့ပြဿနာတစ်ခုကတော့ အာရှတိုက်ကရေပုတ်သင်တချို့မှသယ်ဆောင်လာတဲ့ Batrachochytrium salamandrivorans ဆိုတဲ့ ရောဂါတစ်မျိုးပါ၊ အလှမွေးရေပုတ်သင်တွေမှာပါလာတဲ့ ဒီရောဂါကြောင့် အနောက်နိုင်ငံတွေက ရေပုတ်သင်တွေ တော်တော်ဒုက္ခရောက်ဖူးပါတယ်၊ နိုင်ငံခြားမျိုးရင်းရေပုတ်သင်တွေကို မမွေးနိုင်တော့တဲ့အခါ ပြန်လွှတ်လိုက်လို့ ကျူးကျော်မျိုးစိတ်ဖြစ်သွားမဲ့ ပြဿနာမျိုးလည်းရှိနိုင်ပါတယ် ” ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အလှမွေးစျေးကွက်များ၌ ရေပုတ်သင်ရောင်းချနေခြင်းများကို လုံးဝ မရောင်းချရန် တားမြစ်၍ မရနိုင်သော်လည်း ဒေသရင်းမျိုးစိတ်များကို ထိခိုက်နိုင်သည့် သဘာဝများအတွင်း လွှတ်နေခြင်းများကို ပိုမိုတင်းကျပ်သင့်သည်ဟု ထင်မြင်မိကြောင်း NSCIမှ တာဝန်ရှိသူက ဆက်လက် ရှင်းပြသည်။

ကမ္ဘာပေါ်တွင် ရေပုတ်သင်မျိုးစိတ်‌ပေါင်း ၁၀၀ကျော်ရှိပြီး မြန်မာနိုင်ငံတွင် ယူနန်ရေပုတ်သင်၊ တောင်ကြီးရေပုတ်သင်၊ ကချင်ရေပုတ်သင်၊ မန်ဒရင်းရေပုတ်သင်၊ အူမ်ဖန်ရေပုတ်သင်၊ ပန်ဝါရေပုတ်သင်၊ ချင်းမိုင်ရေပုတ်သင် စသည့် မျိုးစိတ် ခုနစ်မျိုးကို တွေ့ရှိရကြောင်း NSCI အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် သုသေသနလုပ်မှုအားနည်းသည့်အတွက် အဆိုပါ မျိုးစိတ် ခုနစ်မျိုးကိုသာ တွေ့ရှိရပြီး မတွေ့ရှိသေးသည့် အမျိုးအမည်မဖော်နိုင်သေးသော ရေပုတ်သင်မျိုးစိတ်‌သစ်များလည်း ကျန်ရှိနေနိုင်သေးကြောင်း သိရသည်။

” ရေပုတ်သင်တွေကိုက အလှမွေးတာတွေလည်း ရှိသလို ပရဆေးဖော်တဲ့ နေရာတွေမှာ အများဆုံး သုံးကြပါတယ်၊ သူက ကလေးတွေ သူငယ်နာရောဂါနဲ့ တခြားရောဂါတွေ ပျောက်တယ်ဆိုပြီး သုံးကြတာ၊ တချို့ဆို ပရဆေး ဖော်တဲ့အခါမှာ သုံးဖို့ ရေပုတ်သင်အခြောက်ကို သီးသန့်ရောင်းဝယ်ကြ‌‌တာတွေလည်း ရှိတယ်၊ အဲဒါတွေကြောင့် ဒီနောက်ပိုင်းမှာ ရှားပါးလာတာ ဖြစ်ပါတယ် ” ဟု တောရိုင်းတိရစ္ဆာန်များအကြောင်းစာတမ်းပြုစုနေသူတစ်ဦးက ပြောသည်။

” ရေပုတ်သင်တွေဟာ ဆေးစွမ်းအာနိသင်ရှိကြောင်း သက်သေလုံးဝမရှိပါ၊ ဒါပေမဲ့ ရေပုတ်သင်တွေဟာ အဆိပ်ရှိကြောင်းကတော့ သေချာပါတယ်၊၊Tylototriton မျိုးစိတ်တွေရဲ့နံဘေးမှာပါတဲ့ အဖုလေးတွေဟာ အဆိပ်ဂလင်းတွေပါ၊၊သူငယ်နာမပျောက်ဘဲ အသက်ပျောက်သွားရင်ဒုက္ခ၊ လူရော၊ ရေပုတ်သင်ပါထိခိုက်စေတဲ့အတွက် ဆေးဝါးစျေးကွက်မှာရောင်းနေတာကိုတော့လုံးဝပိတ်ပင်သင့်ပါတယ် ” ဟု NSCI အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေပုတ်သင်များကို အာရှတိုက်အတွင်းရှိ တူရကီ၊ဂျော့ဂျီယာ၊အီရန်၊အဇာဘိုင်ဂျန်၊အာမေးနီးယား၊တရုတ်၊ဂျပန်၊ထိုင်ဝမ်၊ကိုရီးယား၊မြန်မာ၊ ထိုင်း၊ဗီယက်နမ်၊လာအို၊ကမ္ဘောဒီးယား၊အိန္ဒိယ၊နီပေါနဲ့ဘူတန် စသည့်နိုင်ငံများတွင် တွေ့ရှိရကြောင်းသိရသည်။

မြန်မာနိုင်ငံတွေ့ရှိရသည့် ရေပုတ်သင် ခုနှစ်မျိုးအနက်တောင်ကြီးရေပုတ်သင်မျိုးစိတ်သည် ကမ္ဘာပေါ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးတဝိုက်၌သာ တွေ့ရှိရသည့် မျိုးစိတ်တစ်ခုလည်း ဖြစ်သည်။

သစ်တောဦးစီးဌာနမှ ၂၀၂၀ခုနှစ်တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းရန် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၅၇၇) မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၃၁၈) မျိုး၊ ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ( ၉၁၄) မျိုး ပါဝင်ကြောင်း သိရသည်။

သို့သော် ၂၀၂၀ခုနှစ် သစ်တောဥပဒေ၌ ရေပုတ်သင်ခုနစ်မျိုးရှိသည့်အနက် ယူနန်ရေပုတ်သင်နှင့် တောင်ကြီးရေပုတ်သင်နှစ်မျိုးကိုသာ ဥပဒေအရ ကာကွယ်ထားသေးသည်။