မြင်းမူ ပြည်သူ ၄၀ ကျော်ကို ဓားစာခံအဖြစ် စစ်တပ် ဖမ်းဆီး

ဓာတ်ပုံ - မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
ပုံစာ - မြင်းမူမြို့ အထက ၁ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်အုပ်စုဝင်များကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလပိုင်းက PDFများတိုက်ခိုက်ခဲ့စဉ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ပြည်သူ ၄၀ ကျော်ကို ဓားစားခံအဖြစ် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့ (စက်တက်ဘာ ၂၄ရက်)တွင် မြင်းမူမြို့နယ်၌ အင်အား ၂၀၀ ကျော်ပါသည့် စစ်ကြောင်းက ပြည်သူ ၄၀ ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး ကန်တော်ရွာဘက်သို့ စစ်ကြောင်းထိုးခဲ့ကြောင်း People’s Knight Defence Force – Myinmu (PKDF-MMU)အဖွဲ့ထံက သိရသည်။

” မနေ့တုန်းက မြင်းမူမြို့ အထက ၁ထဲမှာ စကစ ၁၂ဘီးကားတစ်စီးရယ်၊ ၆ဘီးကား ၂စီးရယ်၊ အိမ်စီးကားတစ်စီးရယ် မနေ့တုန်းက အင်အားဖြည့်တင်းထားပြီးတော့ ခုမြင်းမူအထက ၁ ကနေ ထီးဆောင်းဘက်ကို ထွက်လာပြီးတော့ ထီးဆောင်းကနေ ကန်တော်ရွာဘက်ကို ထွက်လာတယ်ဗျ “ဟု People’s Knight Defence Force – Myinmu (PKDF-MMU)မှ တာဝန်ရှိသူ ရဲဘော်အေးချမ်းက MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် ထီးဆောင်ရွာမှ ကန်တော်ရွာသို့ ပြန်ထွက်စဉ် ဒေသခံပြည်သူ ၄၀ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

” လောလောဆယ်တော့ တိတိပပမသိရသေးဘူးဗျ။ အများစုကတော့ ထီးဆောင်းရွာထဲကလို့ ယူဆရတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။

ထီးဆောင်းရွာသည် ချောင်းဦး-မြင်းမူလမ်းပိုင်း‌ပေါ်၌ရှိသည့် ကျေးရွာဖြစ်ပြီး ထီးဆောင်းရွာနှင့် မြင်းမူကြား၌ စစ်ဆေးရေးဂိတ်လည်းရှိကာ ဒေသခံပြည်သူများသည် စစ်ကြောင်းများလာလည်း ထွက်ပြေးတိမ်းရှောင်လေ့မရှိကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ကန်တော်ရွာဘက်သို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ညနေ လေးနာရီခန့်တွင် ထီးဆောင်ရွာဘက်သို့ပြန်ဆုတ်သွားသော်လည်း ဓားစားခံများ လွတ်၊မလွတ်ကိုမူ မသိရသေးပေ။

ယင်းစစ်ကြောင်းကြောင့် ကန်တော်ရွာနှင့် ဆပ်ပြာကျင်းရွာမှ ‌ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။