ရေးမြို့ ရွှေဆိုင်ပိုင်ရှင်အိမ် သိန်းထောင်နှင့်ချီ ဖောက်ထွင်းခံရမှု ရဲများက သာမန်အမှုပမာ သဘောထားဟုဆို

ဓာတ်ပုံ-Greeting from Myanmar
ပုံစာ -ရေးမြို့တွင်း တစ်နေရာ။

လုံခြုံရေးတင်းကျပ်ထားသော ရေးမြို့ပေါ်တွင် ရွှေဆိုင်ပိုင်ရှင်အိမ် ဖောက်ထွင်းခံရပြီး သိန်းထောင်နှင့် ချီ ပါသွားသော်လည်း ရဲတပ်ဖွဲ့ဝင်တို့က သာမန်အမှုပမာ သဘောထားနေကြောင်း သိရသည်။

မွန်ပြည်နယ်၊ရေးမြို့၊ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ရွှေလင်းယုန်ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ကို စက်တင်ဘာ၂၃ရက်၊နံနက်၂နာရီကျော် မိုးသည်းထန်စွာ ရွာသွန်းနေချိန်၌ အိမ်ခေါင်းမိုးအား ဖောက်ကာ နေအိမ်အတွင်းသို့ ဝင်၍ ရွှေအများအပြားနှင့် ငွေအချို့ ယူဆောင်သွားခြင်းဖြစ် ကြောင်း ရေးမြို့ခံတစ်ဦးထံက သိရသည်။

“ရဲစခန်းသွားတိုင်ထားတာ ရဲတွေက အေးဆေးပဲလို့ ကြားတယ်။ထုံးစံအတိုင်း အမှုဖွင့်ပေးလိုက်တယ် ဆိုတာလောက်ပဲ။ရွှေဆိုင်ပိုင်ရှင်အိမ်ဆိုတာ ခနော်ခနဲ့မဟုတ်ဘူး။ခြံစည်းရိုးလည်း အခိုင်အမာနဲ့ ၂ထပ်တိုက်။အဲဒါကို သေချာ အကွက်ကျကျ ကြိုပြင်ဆင်ထားတဲ့သဘောပဲ။မိုးရွာနေတာရောဆိုတော့ အသံမကြားရတာလည်း အမှန်ပဲ”ဟု ရေးမြို့၊သီရိနန္ဒာရပ်ကွက်နေ ပြည်သူတစ်ဦးက MPAသို့ပြော သည်။

ယင်းဖောက်ထွင်းခံရမှုကြောင့် ရွှေ ၄၀ကျပ်သားကျော်နှင့်ငွေများ ပါသွားသည်ဟု သတင်းထွက်ပေါ်နေ သော်လည်း အတည်မပြုနိုင်ပေ။

ရေးမြို့နယ်အတွင်း တော်လှန်ရေးတပ်များ အခိုင်အမာ ခြေကုပ်ယူထားသည့်အခြေအနေအရ ရေးမြို့ တွင်းလုံခြုံရေးမှာ တင်းကျပ်မှုရှိပြီး ညဘက် အပြင်ဘက်ထွက်ရဲသူမှာ စစ်သား၊ရဲနှင့် ၎င်းတို့၏ အနွယ် များသာ ဖြစ်ကြောင်း သိရသည်။

“အိမ်ဖောက်တာတွေ၊ဆိုင်ဖောက်တာတွေ၊ခိုးတာဝှက်တာတွေက ရေးမှာ တောက်လျှောက်ဖြစ်နေ တာ မိတယ်လို့ တစ်ခါမှ မကြားဖူးတော့ ကျနော်တို့ပြည်သူတွေက စစ်သားတွေ၊ရဲတွေနဲ့ ပတ်သက် တဲ့ကောင်တွေ လုပ်နေတာလို့ပဲ မြင်ကြတယ်။လက်ဆုပ်လက်ကိုင် အထောက်အထားမရှိပေမဲ့ အဲဒါ လုံးဝသေချာတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ရေးမြို့ပေါ်ရှိ ခိုးဆိုးလုယက်သူများမှာ စစ်တပ်နှင့်ရဲကို လိုင်းကြေးပေးထားကြောင်းလည်း ဆိုသည်။

ယနေ့(စက်တင်ဘာ၂၄ရက်)ညနေပိုင်းအထိ ရွှေဆိုင်ပိုင်ရှင်အိမ် ဖောက်ထွင်းသည့် သံသယရှိသူ များကို ဖမ်းဆီးမိပြီဟု မကြားရသေးကြောင်း ၎င်းက ပြောသည်။