တရုတ်၏ Alibaba ကုမ္ပဏီက အမေရိကန် ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် Nvidia နှင့် ပူးပေါင်းကာ ဉာဏ်ရည်တု (AI) နည်းပညာများတွင် မှတ်တိုင်တစ်ခုအဖြစ် လူပုံသဏ္ဌာန်ရှိ စက်ရုပ်များ ဖန်တီးထုတ်လုပ်ခြင်းကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။
Alibaba ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အက်ဒီ ဝူက ဉာဏ်ရည်တု (AI) နည်းပညာများအတွက် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်သွားမည်ဟု ကြေညာခဲ့ပြီးနောက် ကုမ္ပဏီ၏ ရှယ်ယာများသည် ဟောင်ကောင်တွင် ၉ ရာခိုင်နှုန်းကျော် မြင့်တက် ခဲ့သည်။
လက်ရှိတွင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် နည်းပညာနယ်ပယ်တွင် ပြင်းထန်သောပြိုင်ဆိုင်မှုများ ရှိနေပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအခြေစိုက် ဉာဏ်ရည်တု (AI) ချစ်ပ်ထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီဖြစ်သည့် Nvidia သည်လည်း အဆင့်မြင့် ဆီမီကွန်ဒတ်တာများ ထုတ်လုပ်ရာတွင် အားပြိုင်မှုများ၌ ပါဝင် နေသည်။
အမေရိကန်အစိုးရသည် Nvidia ကုမ္ပဏီအား ၎င်းတို့၏ အဆင့်အမြင့်ဆုံးထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ခြင်း မပြုရန် ကန့်သတ်ထားပြီး အဆိုပါထုတ်ကုန်များသည် မျိုးဆက်သစ် ဉာဏ်ရည်တု (Generative AI) တော်လှန်ရေးအတွက် အရေးပါသော အစိတ်အပိုင်းများဖြစ်သည်။
တရုတ်နိုင်ငံ၏ အကြီးဆုံးအွန်လိုင်းစျေးဝယ်ပလက်ဖောင်းများအနက်မှ တစ်ခုဖြစ်သော Alibaba ကုမ္ပဏီသည် Nvidia ကုမ္ပဏီနှင့် ရုပ်ပိုင်းဆိုင်ရာ ဉာဏ်ရည်တု (Physical AI) နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တရုတ်ကုမ္ပဏီက ၎င်းတို့၏ ကလောက် (Cloud) ဌာနခွဲသည် “မှတ်တိုင်တစ်ခုဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု” အဖြစ် နယ်ပယ်အသီးသီးမှ “နဗီးဒီးယား ရုပ်ပိုင်းဆိုင်ရာ ဉာဏ်ရည်တု (AI) ဆော့ဖ်ဝဲလ်စနစ် အပြည့်အစုံကို ပေါင်းစည်းထားပြီးဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Alibaba က လာမည့်သုံးနှစ်အတွင်း ဉာဏ်ရည်တု (AI) နှင့် Cloud computing နည်းပညာ တို့အတွက် ယွမ်ငွေ ၃၈၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံ) ထက်မနည်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။
Nvidia ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံတွင် ဉာဏ်ရည်တု (AI) ချစ်ပ်များ ရောင်းရငွေ၏ ၁၅ ရာခိုင်နှုန်းကို အမေရိကန်သို့ ပေးချေရမည်ဟု ထရမ့်အစိုးရ၏ အတည်ပြုခဲ့ပြီးနောက် Alibaba နှင့် Nvidia ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
