ဒေါ်အောင်ဆန်းစုကြည် သား ကင်မ်အဲရစ် ပြောဆိုမှုကို ပုံဖျက်ထားသော သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်၏ ပြောဆိုမှုအား ပုံဖျက် ထားသော သတင်းအမှားများ စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“မှိုင်းဝေ”တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီ ၂၀ မိနစ်တွင် ကာလုံက ကျင်းပ ပေးမည့် ရွေးကောက်ပွဲကြောင့် ပြည်သူတွေ အေးချမ်းတော့မည်ဆိုသည့် အဓိပ္ပါယ်ရသော စကားကို ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကင်မ်အဲရစ်က ပြောကြား ဆိုပြီး MPA သတင်းမီဒီယာ၏ သတင်းခေါင်းစဉ်ကို Screenshot ရိုက်ကူး၍ သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။

အဆိုပါ အကြောင်းအရာကို စက်တင်ဘာ ၂၄ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၅,၀၀၀ ကျော်၊ Reaction ပေးသူ ၅၀၀ ကျော်ရှိခဲ့ပြီး “ ကိုနှင်းမောင်၊ MDY image” အပြင် အခြား တယ်လီဂရမ်ချန်နယ် များကလည်း ကူးယူခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/V3jnV
ကိုနှင်းမောင် – https://archive.ph/GaGkk
MDY image – https://archive.ph/0hYBR

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

စစ်တပ်ထောက်ခံသူများ Screenshot ရိုက်ကူးထားသော သတင်းသည် ၂၀၂၅ စက်တင်ဘာ ၂၃ ရက် က MPA တွင် “လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် တရားမျှတမှု မြန်မာတွင် ပြန်လည်စိုးမိုးလာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဆို” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားသော သတင်းဖြစ်သည်။

MPA တွင် စက်တင်ဘာ ၂၀ ရက် က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ပါလီမန်ရှေ့တွင် ကျင်းပသည့် မြန်မာ့အရေး ဆန္ဒပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကင်မ်အဲရစ် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ မိန့်ခွန်း တွင် ယူကေ အစိုးရအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် စစ်ကော်မရှင် ပြုလုပ်မည့် ရွေး ကောက်ပွဲအတုအယောင်ကို အသိအမှတ်မပြုရန် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးဖို့ တောင်းဆိုပေးရန် အပါအဝင် လွတ်လပ်မှု၊ ငြိမ်းချမ်းမှု နှင့် တရားမျှတမှုများ မြန်မာနိုင်ငံတွင် ပြန်လည် စိုးမိုးလာတော့မည်ဟု ပြောကြားခဲ့ကြောင်း ကင်မ်အဲရစ်၏ ဗွီဒီယိုမှတ်တမ်းကို ကိုးကားပြီး ဖော်ပြထားသည်။ သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/uTCDC

ကင်မ်အဲရစ် ၏ဖေ့ဘွတ်ခ်တွင် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲနေ့၌ ပြောကြားထားသော ဗွီဒီယိုမှတ်တမ်း ထုတ်ပြန်ထားသည်။

ဗွီဒီယိုတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ပံ့ပို့ပေးရန်၊ စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး ရန်၊ ဘာအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာကို အမြဲ အမှတ်ရရန် နှင့် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် တရား မျှတမှု မြန်မာနိုင်ငံတွင် ပြန်လည်စိုးမိုးလာတော့မည်ဖြစ်ကြောင်း ပြောကြားထားသည်။

အပြည့်အစုံကြည့်ရှုရန်>>> https://bitly.cx/XIeC

သုံးသပ်ချက်

MPA သတင်းတွင် ကင်မ်အဲရစ်က စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုသင့် ကြောင်း ပြောဆိုထားခြင်းကို သတင်းရေးသားထားသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော အကြောင်းအရာသည် MPA သတင်းကို ပုံဖျက်၍ သတင်းအမှား ပြုလုပ်ထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။