ရေဘေးတွေ့နေသည့် ရခိုင်နှင့် မွန်တို့အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် မိုးကြီးနိုင်၍ ရေဘေးသတိပြုရန်လို

By MPA

လက်ရှိတွင် ရေဘေးဒဏ်နှင့် ရင်ဆိုင်နေရသည့် ရခိုင်နှင့် မွန်ပြည်နယ်တို့အပါအဝင် နေပြည်တော်၊ တိုင်းနှင့် ပြည်နယ် ၁၁ ခုတို့တွင် မိုးကြီးနိုင်သဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြုကြရန် စစ်အုပ်စုလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သတိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။

ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းမှ ဇူလိုင် ၁၈ ရက်နေ့ ၈ ရက်ကြာမြင့်သည်အထိ နေရာကွက်မိုးကြီးပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ်ကို သတိပြုကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ၊ မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ ရှိနိုင်သည့်အပြင် လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုတ်သုံလေ အားကောင်းလာမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် အသိပေးထားသည်။

လက်ရှိ ရခိုင်ပြည်နယ်၌ မိုးရွာသွန်းမှု သီတင်းပတ်နှစ်ပတ်ကျော် ကြာမြင့်လာခဲ့ရာ ကုလားတန်၊ လေးမြို့နှင့် မယူမြစ်ရေများသည် ပုံမှန်ထက် ၃ ပေမှ ၆ ပေခန့်အထိ မြင့်တက်လျက်ရှိသည်။

မြစ်ရေမြင့်တက်မှု၏ အကျိုးဆက်အဖြစ် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် အပါအဝင် မြို့နယ် ၇ ခုမှ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ရေအောက်သို့ ရောက်ရှိနေပြီး လူပေါင်းထောင်ချီ၍ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း မြေပြင်သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ၁၂ တန်းကျောင်းသူတစ်ဦး အပါအဝင် ရေစီးထဲမျောပါ၍ သေဆုံးသူ ၃ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

ရေကြီးမှုကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ ကျောက်တော်-မြောက်ဦး လမ်းပိုင်းတွင် ရေကျော်နေသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေရုံသာမက မောင်တောမြို့နယ်တွင်လည်း လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီဆင်းကာ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီး ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်းထိ ရေဝင်ရောက်နစ်မြုပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

လက်ရှိ မြစ်ရေအခြေအနေများတွင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်မြင့်တက်နေသည့်အပြင် နောက် တစ်ရက်အတွင်း ပေဝက်ခန့်ထပ်မံမြင့်တက်လာနိုင်သကဲ့သို့ စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပွဲခွဲခန့်ကျော်လွန်နေသည့်အပြင် နောက်တစ်ရက်အတွင်း ၁ ပေခန့်ထပ်မံမြင့်တက်လာနိုင်ကြောင်း စစ်ကော်မရှင်မိုးဇလ၏ ယနေ့နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ရွှေကျင်နဲ့ မဒေါက်မြို့တို့ရှိ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းနံဘေးနေထိုင်သူများ ရေဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြရန် သတိပေးထားသည်။