လက်ပစ်ဗုံးအစစ်ကို ကစားစရာမှတ်ပြီး အိမ်ထဲကိုက်ယူလာသည့် ခွေးကြောင့် အိမ်ပိုင်ရှင်များ ထိတ်လန့်ခဲ့ရ

By Khaosod English

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း စီဆာကက် (Sisaket) ပြည်နယ်ရှိ မိသားစုတစ်စုသည် ၎င်းတို့ မွေးမြူထားသော ခွေးက စစ်အကြွင်းအကျန် တရုတ်လုပ် လက်ပစ်ဗုံးအစစ်ကို ကစားစရာဟု ထင်မှတ်ကာ ခြံဝင်းထဲသို့ ကိုက်ချီယူဆောင်လာခဲ့မှုကြောင့် ဘေးဆိုးနှင့် ကြုံတွေ့ရလုနီးပါး ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် နွန်ခွန် (Non Khun) ခရိုင်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခွေးသည် အပြင်သို့သွားပြီးနောက် အိမ်ပြန်လာချိန်တွင် သံချေးတက်နေသည့် အရာတစ်ခုကို ကိုက်ချီလာခဲ့ရာ မိသားစုဝင်များက အစပိုင်းတွင် ပလတ်စတစ်စ သို့မဟုတ် အရိုးဟောင်းတစ်ခုဟုသာ ထင်မှတ်ခဲ့ကြသည်။

သို့သော် အိမ်ပိုင်ရှင်ဖြစ်သူ ဆေးရုံက ပြန်ရောက်လာပြီးနောက် အဆိုပါအရာဝတ္ထုတွင် လက်ပစ်ဗုံး၏ စလောင်းကပ် (မိုင်းပင်) တပ်ဆင်ထားဆဲ ဖြစ်သည်ကို သတိပြုမိသွားချိန်မှသာ အန္တရာယ်ရှိနေမှန်း သိရှိခဲ့ကြခြင်း ဖြစ်သည်။

ပေါက်ကွဲစေတတ်သည့် ပစ္စည်းတစ်ခု ဖြစ်နိုင်ကြောင်း ရိပ်မိသွားပြီးနောက် အိမ်ပိုင်ရှင်က အဆိုပါ လက်ပစ်ဗုံးကို အိမ်နှင့်ဝေးရာသို့ ဂရုတစိုက် ရွှေ့ပြောင်းထားခဲ့ပြီး ကျေးရွာလူကြီးထံ အကြောင်းကြားခဲ့ကာ ရွာလူကြီးမှတစ်ဆင့် ရဲတပ်ဖွဲ့နှင့် ဗုံးရှင်းလင်းရေးအဖွဲ့ ထံ ဆက်လက် အကြောင်းကြားခဲ့သည်။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ စစ်ဆေးချက်အရ အဆိုပါပစ္စည်းသည် တရုတ်နိုင်ငံထုတ် TYPE 82-2 အမျိုးအစား လူသေစေနိုင်သော လက်ပစ်ဗုံး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဗုံးရှင်းလင်းရေး အရာရှိများ၏ အဆိုအရ ဗုံးတစ်ခုလုံး သံချေးများ တက်နေသော်လည်း ပေါက်ကွဲနိုင်စွမ်း အပြည့်ရှိနေဆဲ ဖြစ်ပြီး အကယ်၍ စလောင်းကပ် ချို့ယွင်းသွားခြင်း သို့မဟုတ် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုခု ရှိခဲ့ပါက ပေါက်ကွဲသွားနိုင်သည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးကို လူနေရပ်ကွက်နှင့် ဝေးကွာသည့် ကွင်းပြင်ကျယ်တစ်ခုသို့ ဘေးကင်းစွာ သယ်ဆောင်သွားခဲ့ပြီးနောက် ထိန်းချုပ်ဖောက်ခွဲမှုစနစ်ဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် မြေပြင်တွင် အနက် ၃၀ စင်တီမီတာနှင့် အကျယ် ၆၀ စင်တီမီတာခန့်ရှိသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ရာ ယင်းဗုံးသည် ဖျက်ဆီးနိုင်စွမ်း အလွန်ပြင်းထန်ဆဲ ဖြစ်ကြောင်း သက်သေပြနေသည်ဟု အရာရှိများက ပြောကြားခဲ့သည်။

အိမ်ပိုင်ရှင်၏ ပြောပြချက်အရ ခွေးဖြစ်သူသည် ထိုနေ့ နံနက်ပိုင်းကတည်းက အဆိုပါ အရာဝတ္ထုကို ကိုက်ခဲဆော့ကစားနေခဲ့ခြင်း ဖြစ်ပြီး မိသားစုဝင်များအနေဖြင့် လက်ပစ်ဗုံးမှန်း လုံးဝ မသိရှိခဲ့ကြကြောင်း ဆိုသည်။

အိမ်ပိုင်ရှင်က “အကယ်၍ ခွေးသာ အဲဒီစလောင်းကပ်ကို ဆွဲဖြုတ်လိုက်ရင် ဒါမှမဟုတ် ဗုံးကို ပြင်းပြင်းထန်ထန် ချပစ်လိုက်ရင် ဘာတွေ ဖြစ်သွားမလဲဆိုတာ ကျွန်တော် မတွေးရဲစရာပဲ” ဟု ပြောကြားခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ချာရီဝပ် သာမာဝပ်က ဤဖြစ်စဉ်သည် စစ်ကျန်ခဲယမ်းဟောင်းများ တွေ့ရှိရတတ်သည့် နယ်မြေဒေသများရှိ ပြည်သူလူထုအတွက် အရေးကြီးသော သတိပေးချက်တစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းက ဆက်လက်ပြီး သံသယဖြစ်ဖွယ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ ခဲယမ်းမီးကျောက်များ သို့မဟုတ် စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို တွေ့ရှိပါက ကိုင်တွယ်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် ကျွမ်းကျင်သူများက ဘေးကင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဒေသခံအာဏာပိုင်များ သို့မဟုတ် ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားကြရန် တိုက်တွန်းပြောကြားထားသည်။