By MPA
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက တော်လှန်ရေးသမားအချင်းချင်း သပ်ထိုးရန် အပ်ကြောင်းကို ကိုယ့်လက်ဖြင့် ကိုယ်မဟကြရန် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဒုဝန်ကြီး ဦးကျော်နီက တော်လှန်ရေးအင်အားစုအားလုံးတွင် တိုက်ထုတ်ရမည့် ဘုံရန်သူမှာ အထင်အရှားရှိနေပြီးသားဖြစ်၍ ရည်မှန်းချက်တူညီကြသည့် အဖွဲ့အစည်းများကြား မည်သို့သော သဘောထားကွဲလွဲမှုမျိုးရှိစေကာမူ လက်နက်ဖြင့် ဖြေရှင်းသည့်နည်းလမ်းကို လုံးဝမလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
၎င်းအပြင် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက ရန်သူမှ ကြားကနေ အမြတ်ထုတ်ခွင့်မရစေရန် အချင်းချင်း မျက်နှာချင်းဆိုင်ကာ ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့်သာ အဖြေရှာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ထုတ်ဖော်ချက်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသူတစ်ဦးက “တော်လှန်ရေးကာလ ငါးနှစ်နီးပါး ကြာမြင့်လာတဲ့အချိန်မှာ အဖွဲ့အစည်းအချင်းချင်းကြား အမြင်မတူတာနဲ့ နားလည်မှုလွဲတာတွေ ရှိလာနိုင်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဒါတွေကို ရန်သူ့ရှေ့မှောက်မှာ အားနည်းချက်ဖြစ်အောင် ပြသနေမယ်ဆိုရင် ရန်သူကို သပ်ထိုးဖို့ လမ်းကြောင်းကို ကိုယ်တိုင်ဟပေးလိုက်သလို ဖြစ်သွားလိမ့်မယ်” ဟု သုံးသပ်ပြောကြားသည်။
ထို့အပြင် မြေပြင်အခြေအနေသာမက ဆိုရှယ်မီဒီယာပေါ်၌ တော်လှန်ရေးဘက်တော်သားအချင်းချင်း အပြန်အလှန် တိုက်ခိုက်နေခြင်းများနှင့် နာမည်ဖျက်နေခြင်းများကို ချက်ချင်းရပ်တန့်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေသူအချင်းချင်း အွန်လိုင်းပေါ်တွင် ဝေဖန်တိုက်ခိုက်နေကြခြင်းသည် တော်လှန်ရေး၏အင်အားကို မိမိတို့လက်ဖြင့် မိမိတို့ ပြန်လည်ဖြိုခွဲနေသကဲ့သို့ ဖြစ်နေကြောင်း ဒုဝန်ကြီး ဦးကျော်နီက ထောက်ပြထားသည်။
ဒုဝန်ကြီး အသုံးပြုသွားသည့် “သပ်ထိုးတယ်ဆိုတာ အပ်ကြောင်းရှိမှ ထိုးခွဲလို့ရတာ” ဆိုသည့်စကားရပ်မှာ အလွန်လေးနက်ကြောင်းနှင့် မိမိတို့ဘက်ကသာ စိတ်ဝမ်းကွဲပြားမှု အကွဲအပြဲများ မရှိပါက ရန်သူက မည်သို့မျှ သွေးခွဲ၍ရမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူက ထောက်ခံပြောဆိုသည်။
“မဟာပြိုကွဲမှုဟာ ဒီမှာပဲ ရပ်သင့်ပါပြီ” ဟု ဒုဝန်ကြီး ပြောကြားထားသည့်အတိုင်း အချင်းချင်း စိတ်ဝမ်းကွဲမှုများကြောင့် တော်လှန်ရေးအင်အားစုများ တစစီ ပြိုကွဲမသွားစေရန် အားလုံးက ကိုယ့်အတ္တကို လျှော့ကြရမည့်အချိန် ဖြစ်သည်ဟု အညာဒေသမှ နိုင်ငံရေးမှူးတစ်ဦးက ဆိုသည်။
အားလုံး၏ဦးတည်ချက်သည် စစ်အာဏာရှင်စနစ် ကျဆုံးရေး ဖြစ်သည့်အတွက် သေးငယ်သော အဖွဲ့စွဲ၊ ပုဂ္ဂိုလ်စွဲများကို ဘေးဖယ်ထားကာ မဟာစည်းလုံးမှုဆီသို့ ပြန်လည်ဦးတည်ရမည်ဖြစ်ကြောင်း၊ မြေပြင်လက်နက်ကိုင်များ၊ အွန်လိုင်းထောက်ပို့များနှင့် ပြည်သူများအနေဖြင့် စည်းလုံးခြင်းသည် အင်အား ဆိုသည့်အတိုင်း သွေးမခွဲဘဲ စည်းစည်းလုံးလုံးဖြင့် ရှေ့ဆက်ရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။
