အာဆီယံ အနေဖြင့် စစ်ကော်မရှင်နှင့် ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းမှုကို ရပ်တန့်ပြီး ပြည်သူ့ဘက်မှ ရပ်တည်ရန် PMPM တောင်းဆို

မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ယနေ့( ဇူလိုင် ၁၂ရက်)ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေစဉ်အတွင်း ပြည်တွင်း/ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် People Movement Platform Myanmar (PMPM) က အာဆီယံအနေဖြင့် မြန်မာပြည်သူများဘက်မှ ခိုင်မာစွာရပ်တည်ရန်နှင့် စစ်ကော်မရှင်နှင့် ဆက်ဆံရေးပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုများကို ပြတ်ပြတ်သားသား ရှောင်ရှားရန် တောင်းဆိုလိုက်သည်။

အဆိုပါ တောင်းဆိုချက်သည် မြေပြင်ရှိ ပြည်သူလူထု၏ တစ်သံတည်းသော ဆန္ဒအစစ်အမှန်ကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း PMPM က အလေးပေး ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူလူထုက အသိအမှတ်ပြုခြင်းမရှိသည့် စစ်ကော်မရှင်ကိုယ်စားလှယ်များအား အာဆီယံအစည်းအဝေးများတွင် တက်ရောက်ခွင့်ပြုခြင်းသည် အာဆီယံ၏ မူဝါဒလုပ်ထုံးလုပ်နည်းများမှ သွေဖည်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြသည်။

စစ်ကော်မရှင်နှင့် ဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် ရေရှည်တည်တံ့သော ဒေသတွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဘဲ မြန်မာပြည်သူများကို အမှန်တကယ်ကိုယ်စားပြုသည့် အင်အားစုများကို ပံ့ပိုးကူညီခြင်းဖြင့်သာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့က ဆိုသည်။

အာဆီယံအနေဖြင့် စစ်ကော်မရှင်နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းသည် အန္တရာယ်ကြီးမားသည့် ခြေလှမ်းဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များကလည်း အတန်တန် သတိပေးထားပြီးဖြစ်သည်။

“ဒီစာဟာ မြန်မာပြည်တွင်းနဲ့ ပြည်ပရှိ ပြည်သူလူထုတစ်ရပ်လုံးရဲ့ စစ်မှန်တဲ့အသံ ဖြစ်ပါတယ်။ မြေပြင်မှာ ဖယ်ဒရယ်လမ်းကြောင်းအတိုင်း ပြည်သူလူထုကို အမှန်တကယ် ဝန်ဆောင်မှုပေးနေတဲ့ အုပ်ချုပ်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါ်ထွက်နေပြီဖြစ်သလို၊ ပြည်သူလူထုကိုယ်တိုင်ကလည်း အဖက်ဖက်က အခက်အခဲတွေကြားထဲကနေ ဖယ်ဒရယ်အနာဂတ်အတွက် နောက်မဆုတ်တမ်း ချီတက်နေကြဆဲပါ” ဟု PMPM အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ထို့ကြောင့် နိုင်ငံရေးအရ တရားဝင်မှုသည် ပြည်သူလူထုထံတွင်သာရှိသဖြင့် အာဆီယံအနေဖြင့် မြေပြင်ပကတိအရှိတရားကို မျက်မှောက်ပြုရမည်ဖြစ်ပြီး၊ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် တော်လှန်ရေးအင်အားစုများ၊ မြေပြင်အဖွဲ့အစည်းများနှင့်သာ တရားဝင် ဆက်ဆံလက်တွဲရမည့်အချိန် ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့က တိုက်တွန်းထားသည်။