မြန်မာ့အရေး သက်ဆိုင်သူများတွေ့ဆုံဆွေးနွေးပွဲများတွင် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အားနည်းချက်ကို အခွင့်ကောင်းယူကာ ထိုင်းနိုင်ငံက ၎င်း၏ အမျိုးသားအကျိုးစီးပွားအတွက်သာ အဓိကဦးဆောင်မောင်းနှင်နေပြီး စစ်ကော်မရှင်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အစည်းအဝေးလေ့လာစောင့်ကြည့်မှု မှတ်တမ်းများအရ သိရသည်။
ထိုင်းနိုင်ငံသည် အဆိုပါဆွေးနွေးပွဲများတွင် သက်ဆိုင်သူအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားခြင်းမရှိဘဲ ရွေးချယ်ဖိတ်ကြားသည့် စနစ်ကိုကျင့်သုံးကာ ထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကိုသာ အဓိကပစ်မှတ်ထား ဖိတ်ကြားခဲ့ကြောင်း သိရသည်။
“အဓိက သက်ဆိုင်သူအားလုံးကို တက်ရောက်ခွင့်မပေးဘဲ သို့မဟုတ် မဖိတ်ကြားခဲ့ပါဘူး။ အလွန်အမင်း ရွေးချယ်ဖိတ်ကြားခဲ့ပြီး ထိုင်းနယ်စပ်က တိုင်းရင်းသားအဖွဲ့တွေကိုပဲ အဓိက အလေးပေးထားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်နားက ဒုက္ခသည် အကျပ်အတည်းနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ထိုင်းရဲ့ အမျိုးသားအကျိုးစီးပွားကို အလုပ်အကျွေးပြုဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရကို အပယ်ခံဖြစ်အောင် ဒါမှမဟုတ် ဘေးဖယ်ထားဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလည်း ထင်ရှားပါတယ်။” ဟုအာဆီယံရေးရာကျွမ်းကျင်သူ၊ နိုင်ငံရေးအကဲခတ် ဦးဝင်းမင်းကဆိုသည်။
ယင်းလုပ်ရပ်သည် ထိုင်းနယ်စပ်အနီးရှိ ဒုက္ခသည်အရေးနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာများကို ဖြေရှင်းရန် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအတွက်သာ ရှေးရှုခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို အပယ်ခံဖြစ်အောင် သို့မဟုတ် ဘေးဖယ်ထားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့အပြင် ထိုင်းအစိုးရသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် သက်ဆိုင်သူများအစည်းအဝေးကို ဘန်ကောက်မြို့မှ ပတ္တရားမြို့သို့ ရွှေ့ဆောင်းကျင်းပခဲ့သည်။
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်၏ နိုင်ငံခြားရေးဝန်ကြီး လာဇရိုနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့သည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် (EROs) အဖွဲ့အချို့နှင့် ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် တွေ့ဆုံရန်ရှိနေကြောင်း ဘီဘီစီမြန်မာပိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ဆွေးနွေးပွဲသို့ ဖိတ်ကြားခံရသည့် အဖွဲ့များထဲတွင် K2C အဖွဲ့ဝင်များဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ပါဝင်ကြောင်း ချင်းမိုင်အခြေစိုက် သံတမန်သတင်းရင်းမြစ်များ၏ ကနဦးရရှိထားသော အချက်အလက်များကို ကိုးကား၍ ဘီဘီစီက ဖော်ပြထားသည်။
ယင်းသို့ ရွှေ့ပြောင်းခြင်းမှာ အစည်းအဝေးတက်ရောက်လာသည့် မြန်မာ့အရေးသက်ဆိုင်သူများအနေဖြင့် ဘန်ကောက်မြို့ရှိ အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခွင့် မရရှိစေရန် တားဆီးသည့် သဘောဖြစ်ကြောင်း တွေ့ရှိရသည်။
တစ်ဖက်တွင်လည်း မြန်မာ့တော်လှန်ရေးအင်အားစုများသည် စည်းလုံးမှုမရှိကြောင်းနှင့် ကိစ္စရပ်အများအပြားတွင် ဘုံသဘောထားမရှိကြောင်း ထိုင်းနိုင်ငံက ဝါဒဖြန့် ပုံဖော်လျက်ရှိသည်။
“နိုင်ငံတကာ မူဝါဒလေ့လာသူတွေက NUG လိုမျိုး အဓိက အင်အားစုကို ချန်လှပ်ထားတဲ့ ဆွေးနွေးပွဲတွေဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဘူးလို့ သတိပေးကြပါတယ်” ဟု မြန်မာ့အရေးလေ့လာစောင့်ကြည်သူတစ်ဦးကဆိုသည်။
မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၌ တော်လှန်ရေးအင်အားစုများအကြား အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) နှင့် ပတ်သက်၍ ဘုံရပ်တည်ချက်အများအပြား ရရှိထားပြီး ဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့ ဦးဆောင်လိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အဓိက အစားထိုးရွေးချယ်စရာအဖြစ် တင်ပြနိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောထားများကို တမင်သက်သက် ပယ်ချနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဖိလစ်ပိုင်ဥက္ကဋ္ဌသက်တမ်းအောက်တွင် လုပ်ဆောင်နေသော ဆွေးနွေးပွဲများသည် ထိုင်းနိုင်ငံ၏ လွှမ်းမိုးမှုကြောင့် မျှတမှုမရှိဘဲ စစ်ကော်မရှင်ဘက်သို့သာ ပိုမိုအလေးသာနေကြောင်း တော်လှန်ရေးအင်အားစုများက ရှုမြင်ကြသည်။
အားလုံးပါဝင်နိုင်ပြီး ဘက်လိုက်မှုမရှိသည့် ယခင်မလေးရှားနိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်မှုမျိုးနှင့် နှိုင်းယှဉ်ပါက လက်ရှိဆွေးနွေးပွဲများသည် မျှတမှုအားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
