သမ္မတတု မင်းအောင်လှိုင် ဩဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်မည်

သမ္မတတု မင်းအောင်လှိုင်သည် လာမည့် ဩဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း အာဆီယံသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

အတုအယောင်ရွေးကောက်ပွဲနှင့် တက်လာသည့် သမ္မတတု မင်းအောင်လှိုင်က သမ္မတတာဝန် လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယမြောက် သွားရောက်သည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

ပြီးခဲ့သည့်လအစောပိုင်းက ပထမဆုံးအာဆီယံခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယခု ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချိန်ဇယားကိုမူ သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပြီး ဒေသတွင်းထိပ်သီးအစည်းအဝေးများမှ ဖယ်ကျဉ်ခံထားရသည့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့နှင့် ပြန်လည်ပူးပေါင်းနိုင်စေရန် ကြိုးပမ်းပေးနေသည့် အဓိက အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလက အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် အပါအဝင် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် စစ်ကော်မရှင်က ပျက်ကွက်ခဲ့မှုကြောင့် ထိုစဉ်ကစစ်ကော်မရှင် ဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖွမ်ကေအို က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေအား ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ခိုင်မာသော လုပ်ဆောင်ချက်များ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်တွေ့ဆုံဆွေးနွေးရာတွင် အိမ်နီးချင်းနိုင်ငံများအဖြစ် ရင်းနှီးသော ဆက်ဆံရေးကို ပြန်လည်အတည်ပြုခဲ့ကြပြီး၊ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် မြန်မာ့ပြည်တွင်း ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလက ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ကြောင်း သိရသည်။