စစ်မှုထမ်းတပ်သားများကို သင်တန်းဆင်းပြီး နောက်တစ်ရက်မှာပင် ရှေ့တန်းစစ်ကြောင်းသို့ တန်းပို့ ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ယောအလင်းတန်း၏ ထုတ်ပြန်ချက်အရ သိရ သည်။
ဇူလိုင်၃ရက်က စစ်မှုထမ်းအပတ်စဉ်၂၄ သင်တန်းဆင်းခဲ့ပြီး ဇူလိုင်၄ရက်နံနက်ပိုင်းတွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ကပစ၂၄သို့ ချက်ချင်းပို့ဆောင်ခဲ့ကာ ယခု ယောဒေသ ဆောမြို့နယ်ဘက်သို့ ဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကြောင်း၂ခု၌ အပတ်စဉ်၂၄ စစ်မှုထမ်းတပ်သားများ ပါလာကြောင်း ယောအလင်းတန်းက သတင်းရင်းမြစ် ပြောကြားချက်ကို ကိုးကားကာ ယနေ့(ဇူလိုင်၁၃ရက်)ထုတ် ပြန်သည်။
“ပစတွေ(စစ်မှုထမ်းတပ်သား) သင်တန်းပေးတာက ၂လလောက်ဆိုတော့ သေနတ်ပစ်တတ်ရုံ အဆင့် ပေါ့။သေနတ်သံတောင် မယဉ်ပါးသေးတဲ့ ကလေးတွေကို ဒီနေ့သင်တန်းပြီး မနက်ဖြန် ရှေ့တန်းပို့ တာက အခုမှ မဟုတ်ပါဘူး။ကြာပါပြီ။ဒါက စစ်တပ်ရဲ့ လူအင်အားအမြဲလိုနေတာကြောင့်လို့ ကောက် ချက်ချနိုင်တယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။
စစ်မှုထမ်းတပ်သားများကို သင်တန်းဆင်းသည်နှင့် ရှေ့တန်းသို့ ချက်ချင်းပို့ခြင်းမှာ သေတွင်းထဲသို့ တန်းပို့ခြင်းပင် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်မှုထမ်းအပတ်စဉ်၂၄သင်တန်းကို ဧပြီ၂၇ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်၃ရက်၌ သင်တန်း ဆင်းခဲ့သည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ဇရစ်ချောင်ကျေးရွာရှိ အမှတ်၉ စစ်အခြေခံလေ့ကျင့်ရေးတပ် (လေ့ကျင့် ရေး၉)တွင် မေလ၂၉ရက်က စစ်မှုထမ်းအပတ်စဉ် ၂၃ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး မေ၃၀ရက်၊နံနက် ၈နာရီကျော်၌ ကော့ကရိတ်နှင့်ရေးမြို့နယ်သို့ သင်တန်းဆင်းများအား ပို့ဆောင်ခဲ့ကြောင်း MPA၏ သထုံမြို့စစ်ရေးသတင်းရင်းမြစ်က ပြောကြားခဲ့ဖူးသည်။
လက်ရှိအချိန်တွင် ယောဒေသ၊ ဆောမြို့နယ်မြောက်ပိုင်းသို့ ပေါက်မြို့နယ်၊ ကပစ ၂၄ မှလာသည့် အင်အား ၄၀၀ ပါစစ်ကြောင်း ဝင်ရောက်နေရာ ယခုအခါ ပုံတောင်နတ်ထိပ်နှင့် တပြင်းကျေးရွာ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေကာ နောက်ချန်အင်အားများသည် ပေါက်မြို့နယ်၊ ပလောင်းရွာ၊ ဆယ်မိုင်၊ကျောက်မဲတောင်နှင့် ကျောက်တံခါး ကျေးရွာများ၌ ရှိနေကြသေးကြောင်း ယောအလင်း တန်းက ဆိုသည်။
မကွေးတိုင်းအနောက်ခြမ်း စလင်းမြို့နယ်ဘက်မှ ဝင်ရောက်လာသည့် စစ်ကား ၃၄ စီးနှင့် စစ်သား အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းသည် လောင်းရှည်မြို့နယ်၊ ကပစ ၂၅ ဘက်သို့ ဦးတည်ရွေ့လျား လာနေပြီး ယခုအခါ ကံပြား-ကျွန်းတော- မြောင်းဦး-လောင်းရှည် လမ်းပိုင်းတစ်နေရာ (၂၅ မိုင်)သို့ ရောက်ရှိနေကြောင်း ယောအလင်းတန်းက ထုတ်ပြန်သည်။
စစ်တပ်သည် ယောဒေသမှတစ်ဆင့် ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ် ပြန်လည်အားကောင်းရေး အတွက် စစ်ကြောင်းထိုး ပို့ဆောင်နေခြင်းဖြစ်သည်။
