ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်အတွင်း ဈေးရောင်းရန် နေအိမ်မှ ထွက်လာသည့် လူငယ်၃ဦးကို ဖမ်းဆီးကာ စစ်မှုထမ်းထဲသို့ ပို့လိုက်ကြောင်း Rangoon Scout Network-RSN က ယနေ့(ဇူလိုက်၁၃ ရက်) သတင်းထုတ်ပြန်သည်။
မြောက်ဥက္ကလာပမြို့နယ်၊တံတားကြီးရပ်ကွက်နေ အသက်၂၃နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသား၃ဦးတို့ သည် ဈေးရောင်းရန် နေအိမ်မှ ထွက်လာကြသည့် ဇူလိုင်၁၀ရက်၊နံနက်၅နာရီခွဲခန့်တွင် ဃ ရပ်ကွက် ရာအိမ်မှူးအဖွဲ့က ဃ ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ယင်းနေ့ နံနက်ပိုင်းမှာပင် စစ်မှုထမ်းစုဆောင်းသည့် နေရာသို့ ထပ်လွှဲပို့လိုက်ကြောင်း သိရသည်။
“ဖမ်းတဲ့သူက မြောက်ဥက္ကလာမြို့နယ်၊ ဃ ရပ်ကွက်၊ ၁၉ အိမ်တန်း ရာအိမ်မှူး သန်းနိုင်၊ သူနဲ့ မတည့် တဲ့သူတွေကို စောင့်ဖမ်းပြီး ပို့လိုက်တာလို့ ပြောတယ်ဗျ။ အဲ့ဒါကိုတော့ အတည်ပြုနေတုန်းပါ”ဟု RSN တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယင်းလူငယ်၃ဦး တံတားကြီးရပ်ကွက်အတွင်းမှ ထွက်လာစဉ် စောင့်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။
“ပေါ်တာတစ်ယောက်ကို မရဘူးဆိုရင် သိန်း၂၀လောက်ဆိုတော့ တစ်မနက်တည်းနဲ့ သိန်း၅၀ကျော် လောက် ရသွားတာပေါ့။အဖွဲ့လိုက်ဆိုတော့ ရာအိမ်မှူးက တစ်မနက်တည်းနဲ့မရဘူးဆိုရင် သိန်း၃၀ လောက်ရတဲ့သဘောပေါ့။ရာအိမ်မှူးလိုအဆင့်နဲ့ တစ်မနက်တည်းနဲ့ ဒီလောက်ငွေရဖို့ဆိုတာ ဒီအလုပ် ပဲ ရှိတယ်။အဲဒါကြောင့် ပေါ်တာဆွဲတာကို အဖွဲ့စုံက ပျော်ပျော်ကြီး လုပ်နေကြတာ”ဟုရန်ကုန်အခြေ စိုက် ရဲသတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်မြို့တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲခြင်းကို စစ်သား၊ရဲ၊ပျူစောထီးနှင့် ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့အပြင် စစ်တပ်နှင့်ချိတ်ဆက်ထားသူများကလည်း လုပ်ဆောင်လျက်ရှိသည်။
လှိုင်မြို့နယ်၊အုတ်ကျင်းဘူတာအနီးရှိ ဗဟိုလမ်းပေါ်နှင့် ဘုရင့်နောင်လမ်းမပေါ်တို့တွင် နံနက်ခင်း နှင့်ညပိုင်း လူပြတ်ချိန်တို့၌ စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေသည့် အရပ်ဝတ်များက ချောင်းမြောင်း နေကြကြောင်း ဒေသခံအချို့က ဆိုသည်။
ရန်ကုန်မြို့တွင် ဇူလိုင်၆ရက်မှ ၁၂ရက်အတွင်း လမ်းမပေါ် ဖမ်းဆီးခံရသူ၆ဦးနှင့် စက်ရုံထဲ ရှာဖမ်းခံရ သူ၃ဦးရှိကြောင်း RSN က ယနေ့ ထုတ်ပြန်သည်။
