မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခု အဖြစ် ဆက်လက်တည်ရှိနေပြီး လူဦးရေ ၁၆သန်းကျော် အကူအညီလိုအပ်နေကြောင်း UNOCHA Myanmar က ယနေ့(ဇူလိုင်၁၃ရက်)သတင်းထုတ်ပြန်သည်။
ပဋိပက္ခ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်း၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်များနှင့် သွား လာကူညီနိုင်မှုဆိုင်ရာ အခက်အခဲများကြောင့် နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွား လာကြောင်းလည်း ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိမည်ဟု ခန့်မှန်းထားပြီး၊ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ အထူးသဖြင့် အနောက်မြောက် ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာ မှုအသစ်များ ဖြစ်ပေါ်လျက်ရှိကြောင်း မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ နှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ တစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မတ်လကုန်အထိ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများသည် နိုင်ငံတစ်ဝန်းရှိ အကူအညီ ပေးအပ်ရန်လျာထားသည့် လူဦးရေ ၄ ဒသမ ၉ သန်းအနက် အမြင့်ဆုံး ဦးစားပေးအုပ်စုဝင် လူဦးရေ ၈၃၂,၀၀၀ အပါအဝင် လျာထားဦးရေ၏ သုံးပုံ တစ်ပုံနီးပါး ဖြစ်သည့်လူဦးရေ ၁ ဒသမ ၆ သန်းကို အကူအညီပေးနိုင်ခဲ့ကြောင်း UNOCHA Myanmar ကဆိုသည်။
လက်နက်ကိုင်ပဋိပက္ခ၊ သွားလာခွင့် ကန့်သတ်ချက်များနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များ သည် လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးကို ဆက်လက်ဟန့်တားနေဆဲဖြစ်ပြီး အလိုအပ်ဆုံး သော လူထု အသိုင်းအဝိုင်းများအတွက် လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ဘေးကင်းလုံ ခြုံမှု ရှိရန်နှင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စဉ်ဆက်မပြတ်ပေးအပ်နိုင်ရန် အရေးကြီးကြောင်းလည်း ဆိုသည်။
“စစ်တပ်က ခွင့်ပြုတဲ့နေရာလောက်ပဲ အကူအညီပေးခွင့်ရနေတာဆိုတော့ အမှန်တကယ် အရေးပေါ် လိုအပ်နေတဲ့ စစ်ရှောင်တွေဆီ အကူအညီတွေ မရောက်ဘူး။ရောက်အောင် လုပ်လို့ရတဲ့ နည်းလမ်း တွေရှိတယ်။ဥပမာ- တော်လှန်ရေးအင်အားစုတွေကနေတစ်ဆင့် အကူအညီပေးရေးပေါ့။အဲဒါကို လည်း မလုပ်ဘူးဆိုတော့ ကုလသမဂ္ဂက တကယ်အကူအညီပေးချင်စိတ်ရော ရှိရဲ့လားလို့ မေးခွန်း ထုတ်ရမယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက် ရှိနေဆဲဖြစ်သောကြောင့် အလှူရှင်များ၏ စဉ်ဆက်မပြတ် ပံ့ပိုးမှုမှာ အလွန်အရေးကြီးဆဲဖြစ်ကြောင်း လိုအပ်သည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း၈၉၀ အနက် ၄၃ ရာခိုင်နှုန်းကိုသာ ရရှိထားကြောင်း UNOCHA Myanmar ကထုတ်ပြန်ထားသည်။
