By Bilyonaryo News
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပွင့်လင်းမြင် သာပြီး ရိုးသားသည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည့်အတွက် အလွန်ကောင်းမွန်သော တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့ကြောင်း အာဆီယံအထူးသံတမန်၊ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) က ပြောကြားလိုက်သည်။
အဆိုပါ လျှို့ဝှက်တံခါးပိတ်ဆွေးနွေးပွဲအပြီးတွင် အာဆီယံအထူးသံတမန်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလာဇာရိုက ယခုတွေ့ဆုံမှုသည် မြန်မာ့ပဋိပက္ခကို လျှော့ချရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်အတွက် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သတင်းမီဒီယာသို့ ပြောကြားခဲ့သည်။
“ကျွန်မနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟစပ်ခ်(Sihasak Phuangketkeow) တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမြင်ချင်းဖလှယ်ရာမှာ အလွန်ပွင့်လင်းပြီး ရိုးသားမှုရှိတဲ့ ဆွေးနွေးမှုမျိုးကို လုပ်ဆောင်နိုင်ခဲ့လို့ ဒါဟာ ကောင်းမွန်တဲ့ အစည်းအဝေးတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု လာဇာရိုက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံကြားခံကိုယ်စားလှယ်တစ်ဦးနှင့် မြန်မာ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပြီး မြန်မာ့ပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် အာဆီယံအနေဖြင့် ထိရောက်သော ခြေလှမ်းများ လှမ်းရန် နိုင်ငံတကာ၏ ဖိအားပေး ခံနေရချိန်တွင် ယခုကဲ့သို့ ဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေသည့် ပြင်းထန်လာသော စစ်ပွဲများကို ပြေလည်စေရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်း ပေါ်ပေါက်လာစေရန်အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အာဆီယံတို့က နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသည့်အနက် ယခုတွေ့ဆုံပွဲသည် ထူးခြားသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းက သုံးသပ်သည်။
