By Ko Myo/ MPA
မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် ရဲတပ်ဖွဲ့အကြီးအကဲများနှင့် လောင်းကစားဒိုင်ချုပ်တို့မှာ ညစဉ်နီးပါး အတူတကွသောက်စားနေကြသော်လည်း မရှိဆင်းရဲသား နှစ်လုံးထီ ကော်မရှင်စားများကိုမူ ဖမ်းဆီး နေကြောင်း သိရသည်။
ဇူလိုင်လအတွင်း မော်လမြိုင်နှင့် ပေါင်မြို့နယ်ရှိ တစ်နေ့လုပ်တစ်နေ့စား နှစ်လုံးထီကော်မရှင်စား ရောင်းနေသူများကို ဆက်တိုက်ဖမ်းဆီမှုများ ရှိနေကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသခံအချို့ ၏ ပြောကြားချက်များအရ သိရသည်။
“၂လုံးဒိုင်တွေနဲ့ ရဲတပ်ဖွဲ့က ဘာကောင်ညာကောင်တွေနဲ့က ဘီယာဆိုင်မှာ ညတိုင်းနီးပါးရှိတယ်။ ဒိုင် တွေက သူတို့နဲ့မကင်းတဲ့ဌာနတွေကို လိုင်းကြေးလည်းပေးထားတယ်။အကြောင်းအမျိုးမျိုးပြပြီး အ လှူခံရင်လည်း ထည့်တယ်။ဘီယာ၊ကေတီဗီ အကုန်ဧည့်ခံတယ်။ဖမ်းစရာရှိရင်လည်း ဒိုင်တွေရဲ့ လက်ရင်းကော်မရှင်စားတွေကို မဖမ်းဘူး”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPA သို့ ပြောသည်။
မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြု ထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်း ကစားဝိုင်းများ တားဆီးပိတ်ပင်ပေးရေးအဆိုကို ဇွန်လ ၁၉ ရက်၌ မွန်ပြည်နယ်လွှတ်တော်က အ တည်ပြုခဲ့သည့်အတွက် ရဲတပ်ဖွဲ့က အဖမ်းပြနေခြင်းဖြစ်ကြောင်း ဒေသတွင်းပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။
“အဆိုက အောင်သွားပြီဆိုတော့ လောင်းကစားနဲ့ပတ်သက်ပြီး လွှတ်တော်ကမေးရင် ဖြေလို့ရအောင် သူတို့(ရဲ)ကို လိုင်းကြေးမပေးနိုင်တဲ့ လက်လုပ်လက်စားတွေကို ဒုက္ခပေးတာမျိုးပါ။ ကြားရတဲ့သတင်း တွေအရ ကော်မရှင်စားတွေကို ဆက်တိုက်ဖမ်းမယ့်သဘောပဲ”ဟု ၎င်းက ပြောသည်။
ဇူလိုင်၁၀ရက်တွင် ပေါင်မြို့နယ်၊သဗြုချောင်ရွာနေ ဒေါ်နီလာထွန်း၊ ဇူလိုင်၉ရက်တွင် မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်နေ မယဉ်ယဉ်စန်းနှင့် ဇူလိုင်၈ရက်တွင် ပေါင်မြို့နယ်၊မုတ္တမနေ ဒေါ်ရီရီခင်တို့ကို ၂လုံးထီလောင်းကစားမှုဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် မိုးတွင်းကာလဖြစ်သဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းများ ပြု လုပ်ခြင်းကို ရပ်နားထားသည်။
