မြိုင်၊ သရက်ကန်ပျူရွာ ကင်းမှူး PDF ကျည်သင့် ပွဲချင်းပြီး သေဆုံးဟုဆို

ဓာတ်ပုံ - TYK ပြောက်ကျားတပ်ဖွဲ့
ပုံစာ - ကင်းပတ်ထွက်လာသည့် ပျူစောထီးကို တိုက်ခိုက်စဉ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ကင်းပတ်ထွက်သည့် ကင်းမှူးကို အသင့်စောင့်နေသည့် PDF တို့က ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၂၄ ရက်၊ နံနက် ၆ နာရီခန့်တွင် သရက်ကန်ပျူရွာနှင့် မီတာ ၁၅၀ ခန့် ဝေးသည့် ဘန်ကာအတွင်းရှိ စစ်အုပ်စုဝင်များကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ကင်းပတ်ထွက်လာသည့် ကင်းမှူး ပျူစောထီး မျိုးနိုင်အေး ပစ်ခတ်ခံရပြီး နေရာတင် သေဆုံးခဲ့ကြောင်း TYK ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

” ကျနော်တို့ အသင့်စောင့်ဆိုင်းနေဆဲမှာ ပျူစောထီး တစ်ဦးက ကင်းပတ်ရန် ထွက်ခွာလာစဥ် ကျနော်တို့ဘက်က ရိုင်ဖယ် နဲ့ ပစ်ခတ်ချိန်မှာ ပျူစောထီး မျိုးနိုင်အေး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ အဲလိုလည်းပြီးရော သူတို့ဘက်က ၄၀ မမ တစ်လုံး လက်နက်ငယ်တွေ ရမ်းသန်း ပစ်တော့တာပါပဲ” ဟု TYK ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်စောကြီးက MPA သို့ပြောသည်။

ယင်းသို့ ပစ်ခတ်မှုပြီးနောက် ဘန်ကာအတွင်းရှိ စစ်အုပ်စုဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

” ထိတွေ့ကတော့ အပြန်အလှန်ပစ်တာပါပဲ။ သူတို့ကလည်း ဘန်ကာထဲကနေဆိုတော့။ သူတို့ကို လည်း မထိဘူး။ ကိုယ်တွေကိုလည်း မထိဘူး” ဟု အညာမြေတပ်ပေါင်းစု၊ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကပြောသည်။

သရက်ကန်ပျူရွာ အပြင်ဘက်တွင် ဘန်ကာ ၅ ခုရှိပြီး ဘန်ကာတစ်ခုလျှင် ၂ ယောက်နှုန်းဖြင့် အလှည့်ကျ ကင်းစောင့်ကြကြောင်းသိရသည်။

” ဘန်ကာ ၅ ခုကို တစ်နေ့ကို သုံးဆိုင်းကျ စောင့်ကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသွားသည့် ပျူစောထီးရုပ်အလောင်းကို သရက်ကန်ပျူရွာအတွင်းသို့ စစ်အုပ်စုဝင်တို့က သယ်ဆောင်သွားကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို TYKပြောက်ကြားတပ်ဖွဲ့၊ မြိုင် – ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁၊ မြိုင်-ပကဖ တပ်ရင်း ၁-တပ်ခွဲ ၄ (စက်ြာ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ အညာမြေတပ်ပေါင်းစု ၊ Unoin Brothers Ub ၊ Kamma Undergroung Pdf – ကမ္မတပ်ပေါင်းစု ၊ ဒေါင်းညီနောင်တပ်ဖွဲ့ ၊ ဒေါင်းမာန်တပ်ဖွဲ့နှင့် နွေဦးညီနောင်တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲ့ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ပျူစောထီး သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။