မော်လမြိုင်မြို့စွန်ရှိ သိန်းရာထောင်ချီ လောင်းကစားဝိုင်းကြီးကို လုံနယ်ဝန်ကြီး၏ ခါးပိုက်ဆောင် တပ်က လုံခြုံရေးပေး

By MPA

မွန်ပြည်နယ်၊မော်လမြိုင်မြို့စွန်တွင် သိန်းရာထောင်ချီလောင်းသည့် လောင်းကစားဝိုင်းကြီး ဖွင့်လှစ် ထားပြီး လုံနယ်ဝန်ကြီး၏ ခါးပိုက်ဆောင်တပ်က လုံခြုံရေးပေးထားကြောင်း သိရသည်။

မော်လမြိုင်မြို့၊သီရိမြိုင်အပိုင်၊သရက်ကုန်းရပ်ကွက်ရှိ ခြံကြီးတစ်ခြံတွင် ဒေသတွင်း ပရော်ဖယ်ရှင် နယ် လက်ကြီးသမားများသာ လာကစားနိုင်သည့် လောင်းကစားဝိုင်းကြီး ရှိနေပြီး ဂျင်၊ဖဲနှင့် အနီ ထောင်ဝိုင်းတို့ရှိကြောင်း ဒေသခံအချို့ထံက သိရသည်။

“အရင်ကတည်းကလည်း ရှိတယ်။အခု မိုးတွင်းမှာ မော်လမြိုင်မြို့ပေါ်က ကားလမ်းဘေးလောင်းက စားဝိုင်းတွေ ပိတ်လိုက်ပြီးတော့ သရက်ကုန်းဝိုင်းက ပိုစည်လာတယ်။သိန်းရာထောင်ချီလောင်းနိုင်တဲ့ သူတွေပဲ လာကြတာ။လုံနယ်ဝန်ကြီး (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)ဗိုလ်မှူးကြီးကျော်စွာမြင့် ကိုယ်တိုင် လာကစားနေတယ်လို့ သိရတယ်။လုံနယ်ဝန်ကြီးဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေက သေနတ် ကိုင်ပြီး လုံခြုံရေးပေးထားတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြော သည်။

သရက်ကုန်းလောင်းကစားဝိုင်းသို့ လုံနယ်ဝန်ကြီးအပြင် မော်လမြိုင်မြို့ရှိ လာဘ်စားကြမ်းသည့် ဌာန ဆိုင်ရာအကြီးအကဲအချို့လည်း လာကစားကြကြောင်း ၎င်းက ဆိုသော်လည်း MPAအနေနှင့် အတည် မပြုနိုင်သေးပေ။

ယခုအခါ သရက်ကုန်းလောင်းကစားဝိုင်းသို့ မော်လမြိုင်မြို့ဝန်းကျင်ရှိ ပေါင်၊မုဒုံ၊ကျိုက်မရော စသည့် မြို့များမှ လောင်းကစားသမားကြီးများ လာကစားကြကြောင်း သိရသည်။

“သရက်ကုန်းဆိုတာ အရင်တုန်းကရွာ။ဒီဘက်နောက်ပိုင်းကျတော့ သီရိမြိုင်အပိုင်ထဲ ဆွဲထည့်လိုက် တာ။ သက္ကရာဇ်၂၀၀၀ မတိုင်ခင် တော်တော်စောစောကတည်းက သရက်ကုန်းမှာ ကြက် ဝိုင်းတို့ အနီထောင်ဝိုင်းတို့ ဝိုင်းကြီးတွေ လုပ်ခဲ့တာ”ဟု အဝေးရောက်မော်လမြိုင်မြို့သားတစ်ဦးက ပြောသည်။

သရက်တောလောင်းကစားဝိုင်းသည် အာဏာမသိမ်းခင်ကာလ လွန်ခဲ့သော ၇နှစ်ကျော်ကတည်းက ကြိတ်ဝိုင်းအဖြစ် တည်ရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ချောင်းဆုံ၊မော်လမြိုင်နှင့် ကျိုက်မရောမြို့ပေါ်တို့တွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်း ခင်းခြင်းတို့ မရှိတော့ကြောင်း သိရသည်။

“မိုးတွင်းမို့လို့ ဇာတ်ပွဲနားတဲ့ရာသီမို့ လောင်းကစားဝိုင်းလည်း နားတာ ဖြစ်နိုင်တယ်။လွှတ်တော်ထဲမှာ လောင်းကစားဝိုင်းပိတ်ဖို့အဆိုကို အတည်ပြုလိုက်တာကြောင့် နားတာလည်း ဖြစ်နိုင်တယ်။မိုးအကုန် ကို စောင့်ကြည့်ရမယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားက ဆိုသည်။

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြု ထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်း ကစားဝိုင်းများ တားဆီးပိတ်ပင်ပေးရေးအဆိုကို ဇွန်လ ၁၉ ရက်၌ မွန်ပြည်နယ်လွှတ်တော်က အ တည်ပြုခဲ့သည်။

လွှတ်တော်တွင် လောင်းကစားဝိုင်းပိတ်ပင်ရေးအဆိုကို အတည်ပြုပြီးနောက် ပေါင်မြို့နယ်၌ ဇာတ်ပွဲ မသွင်းတော့ဘဲ လောင်းကစားဝိုင်းသီးသန့် ပြုလုပ်ခဲ့သေးသည်။

“အခု ပေါင်မှာ ဆက်လုပ်နေသေးလားဆိုတာကိုတော့ သေချာမသိသေးဘူး”ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့ပေါ်တွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းခြင်းကို တရားမဝင်မွန်ပြည်နယ်ဝန် ကြီးချုပ်ဟောင်းအောင်ကြည်သိန်းနှင့် လုံနယ်ဝန်ကြီး ကျော်စွာမြင့်တို့က လိုင်းကြေးယူကာ ၂၀၂၄ခုနှစ်၊နိုဝင်ဘာ၁၅ရက်(တန်ဆောင်မုန်းလပြည့်ည)ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစိုးရတုတက်လာပြီးနောက် လုံနယ်ဝန်ကြီး ဆက်လက်ခန့်အပ်ခြင်းခံရသော ကျော်စွာမြင့်က ဆက် လက်တာဝန်ယူကာ ဖွင့်လှစ်ခဲ့သည်။