By MPA
နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် ကျန်းမာရေးစနစ်တစ်ခုလုံး အကျပ်အတည်း ဆိုက်ရောက်နေချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့လက်ထက်၌ သားဖွားနှင့် သူနာပြုကဏ္ဍကို အရှေ့တောင်အာရှ (အာဆီယံ) နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင် မြှင့်တင်ဆောင်ရွက်မည်ဟု ပြောဆိုလိုက်သည်။
ဇူလိုင်လ ၁၆ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သူနာပြုသိပ္ပံနှင့် တိုင်းနှင့် ပြည်နယ် ၁၄ ခုရှိ သူနာပြုသိပ္ပံ ၁၅ ကျောင်း တစ်ပြိုင်တည်း ဖွင့်လှစ်သည့် အခမ်းအနားတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူလူထုအားလုံး လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို လုံလောက်အောင် မွေးထုတ်ရမည်ဖြစ်ပြီး၊ အသစ်ဖွင့်လှစ်လိုက်သည့် သူနာပြုသိပ္ပံကျောင်းများသည် အရည်အချင်းပြည့်ဝကာ လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များ မွေးထုတ်ပေးမည့် ဗဟိုဌာနများ ဖြစ်လာမည်ဟု ဆိုသည်။
သို့သော် မြေပြင်အခြေအနေတွင် စစ်အုပ်စုက အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ အထူးကုဆရာဝန်ကြီးများ၊ အခြေခံဆရာဝန်များနှင့် သားဖွားဆရာမ အမြောက်အမြားသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည်။
ယင်းနောက်ပိုင်း စစ်အုပ်စု၏ ဖမ်းဆီးနှိပ်ကွပ်မှုများကြောင့် ကျန်းမာရေးဝန်ထမ်း အများအပြား လုပ်ငန်းခွင် စွန့်ခွာရခြင်း၊ ထောင်ဒဏ်ချမှတ်ခံရခြင်းများ ရှိခဲ့သဖြင့် မြို့နယ်နှင့် ကျေးလက်ဆေးရုံအများစုတွင် လူနာကုသမည့်သူမရှိဘဲ ပိတ်ထားရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
ထိုသို့ ကျန်းမာရေးစနစ် မြေလှန်ဖျက်ဆီးခံထားရသည့် အခြေအနေကို မျက်ကွယ်ပြု၍ စစ်ခေါင်းဆောင်က နိုင်ငံတော်အဆင့် သင်တန်းကျောင်းများ ဟန်ပြဖွင့်လှစ်ကာ အခြေခံကောင်းမွန်ပြီး ပညာရည်ပြည့်ဝသည့် သားဖွားဆရာမများကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ရန် အလေးအနက် ညွှန်ကြားခဲ့သည်။
လက်ရှိတွင် တစ်ပြည်လုံးရှိ ပြည်သူများသည် ဆေးရုံ၊ ဆေးခန်းများ၌ ကုသမှုခံယူရန် ခက်ခဲခြင်းနှင့် ဆေးဝါးပြတ်လပ်ခြင်းနှင့်အတူ ဈေးနှုန်းကြီးမြင့်တို့ကြောင့် နေ့စဉ်နှင့်အမျှ ကျန်းမာရေးဒုက္ခများ ရင်ဆိုင်နေရချိန်တွင်၊ စစ်ခေါင်းဆောင်၏ အာဆီယံနှင့် ရင်ပေါင်တန်းမည့် သားဖွားကဏ္ဍမြှင့်တင်ရေး ပြောဆိုချက်အပေါ် မြေပြင်ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများနှင့် လုံးဝကိုက်ညီမှုမရှိသည့် ကတိကဝတ်အဖြစ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။
