By Forbes
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဂျင်တီးနား ဘောလုံးသမားများက ဖော့ကလန်ကျွန်းစု (Falkland Islands) သည် ၎င်းတို့ပိုင်ဆိုင်ကြောင်း နိုင်ငံရေးလှုံ့ဆော်မှုဆိုင်ရာ ဆိုင်းဘုတ်ကို ကိုင်ဆောင်အောင်ပွဲခံခဲ့သည့်အပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေဖြင့် စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားအသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဂျီဗာနီ လိုဆယ်ဆို၊ လီဆန်ဒရို မာတီးနက်ဇ်နှင့် နီကိုလပ်စ် အိုတာမန်ဒီ အပါအဝင် အာဂျင်တီးနား ကစားသမားများသည် “မောလ်ဗီးနပ်စ် (ဖော့ကလန်) သည် အာဂျင်တီးနားပိုင်ဖြစ်သည်” ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ကွင်းအတွင်း ကိုင်ဆောင်ကာ ကွင်းလယ်တွင် ဖြန့်ခင်းပြသခဲ့ကြသည်။
ဖော့ကလန်ကျွန်းစုသည် ကာလရှည်ကြာ ဗြိတိန်က စီမံခန့်ခွဲနေသည့် ပင်လယ်ရပ်ခြားနယ်မြေဖြစ်သော်လည်း အာဂျင်တီးနားက ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် အစဉ်တစိုက် အငြင်းပွားတောင်းဆိုနေခြင်း ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဘောလုံးအားကစားပြိုင်ပွဲများအတွင်း နိုင်ငံရေးလှုံ့ဆော်မှုများ မပြုလုပ်ရန် တားမြစ်ထားသည့် ဖီဖာ၏ စည်းမျဉ်းများကို အာဂျင်တီးနားအသင်းက ချိုးဖောက်ခြင်းရှိ၊ မရှိ သေချာစွာ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီး ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
“ဘောလုံးလောကထဲကို နိုင်ငံရေးတွေ ဝင်မလာသင့်ပါဘူး။ ကမ္ဘာ့ဖလားက ဆုဖလားကတော့ ကျွန်တော်တို့ဟာ ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမဲ့ ဖော့ကလန်ကျွန်းစုကတော့ သေချာပေါက် ကျွန်တော်တို့ ဗြိတိန်ပိုင် နယ်မြေဖြစ်ပါတယ်” ဟု ကီယာစတာမာက ပြောသည်။
အလားတူ ဖီဖာ (FIFA) ၏ ၂၀၂၆ ကမ္ဘာ့ဖလား ကွင်းတွင်းစည်းကမ်းချက်များနှင့် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ (IFAB) ၏ ဥပဒေများအရ ကစားသမားများ၏ ဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများပေါ်တွင် နိုင်ငံရေး၊ ဘာသာရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆောင်ပုဒ်များ၊ ကြေညာချက်များ သို့မဟုတ် ရုပ်ပုံများ မဖော်ပြရန် ရှင်းလင်းစွာ တားမြစ်ထားပြီး ချိုးဖောက်ပါက အဖွဲ့ချုပ် သို့မဟုတ် ပြိုင်ပွဲကျင်းပရေးကော်မတီက အရေးယူဒဏ်ခတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကလည်း ယခုကဲ့သို့ ဆိုင်းဘုတ်မျိုး ကိုင်ဆောင်ခဲ့မှုကြောင့် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက ပေါင် ၂၀,၀၀၀ (ဒေါ်လာ ၂၇,၀၀၀) ဒဏ်ရိုက် အရေးယူခဲ့ဖူးသည်။
တစ်ဖက်တွင်လည်း အာဂျင်တီးနား ဒုတိယသမ္မတ ဗစ်တိုးရီးယား ဗီလာရူရယ် (Victoria Villarruel) က ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (X) တွင် စစ်သားများ ကျွန်းပေါ်သို့ တက်ရောက်သည့် ရုပ်သံဟောင်းကို မျှဝေကာ ၎င်းတို့ဘက်က ရပ်တည်ချက်ကို ယခုလို အတိအလင်း ရေးသားထားသည်။
“ဒါက သာမန်ဘောလုံးပွဲတစ်ပွဲတင် မဟုတ်ပါဘူး။ မောလ်ဗီးနပ်စ် (ဖော့ကလန်) ဟာ အာဂျင်တီးနားပိုင် ဖြစ်ပါတယ်။ သူတို့က ကွင်းထဲကို ဒီဆိုင်းဘုတ် ယူမလာဖို့ တားမြစ်ပိတ်ပင်ခဲ့ကြပေမဲ့ ဒီကျွန်းဟာ ကျွန်မတို့ရဲ့ သွေးထဲ၊ နှလုံးသားထဲမှာ ကိန်းအောင်းနေတယ်ဆိုတာကိုတော့ သူတို့ မေ့လျော့နေကြပုံရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဖီဖာ (FIFA) အနေဖြင့် အာဂျင်တီးနားအသင်းအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု ရှိ၊ မရှိ ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ဘက်ကလည်း တရားဝင် ကန့်ကွက်တိုင်ကြားခြင်း ပြု၊ မပြု စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေသည်။
