ပြည်သူကို ဒုက္ခပေးနေသည်ဆိုသော သဲကုန်းပျူတစ်ဦးကို PDF အိမ်ထဲထိ ဝင်ရောက် ပစ်ခတ် သတ်

ဓာတ်ပုံ-ပြည်ခရိုင်တပ်ရင်း-၃၆၀၂
ပုံစာ- တိုက်ပွဲဝင် PDFရဲဘော်များ။

ပဲခူးတိုင်း၊သဲကုန်းမြို့နယ်အတွင်း ပြည်သူကို ဒုက္ခပေးနေသည်ဆိုသော စစ်တပ် လက်ပါးစေတစ်ဦးကို နေအိမ် ထဲအထိ PDF တို့ ဝင်ရောက် ပစ်ခတ် သတ်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၊ဈေးကုန်းရွာနေ ပျူစောထီး သန်းဦးကို ဇူလိုင်၁၂ရက်၊ညနေ၅နာရီခွဲခန့်တွင် ဗျူဟာ ၂၁၊ ပြည်ခရိုင်တပ်ရင်း၂၊တပ်ခွဲတစ် ရဲဘော်များက နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံး သွားကြောင်း ပြည်ခရိုင်တပ်ရင်း၂က ယနေ့(ဇူလိုင်၁၈ရက်) သတင်းထုတ်ပြန်သည်။

ပျူစောထီးသန်းဦးသည် သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲနယ်နှင့် ညောင်ကုန်းကျေးရွာအုပ်စု နယ်မြေများရှိ ပျူစောထီးခေါင်းဆောင်များနှင့်အတူ လူငယ်များကို ဖမ်းဆီးငွေညှစ်ခြင်း၊စစ်မှုထမ်းပါသည်ဟု ပြော ဆိုကာ ငွေကြေးလိမ်တောင်းခြင်း၊ ဒေသတွင်းပြည်သူအချို့ကို PDF ထောက်ပို့ဟု စွပ်စွဲကာ ဖမ်းဆီး ငွေညှစ်ခြင်း၊သတ်ဖြတ်ခြင်းနှင့် ကျေးရွာအတွင်း ညဘက် ပေါ်တာဆွဲရာတွင် လူငယ်ရှိသော နေအိမ် များကို လိုက်လံပြသသည်ဟု သိရှိရ၍ ၎င်းအား ပစ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်တပ်နှင့် ပူးပေါင်းကိုယ်ကျိုးရှာပြီး ပြည်သူကို ဒုက္ခပေးနေသူများအား အရေးယူသွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ထားသည်။