ဖိနှိပ်ခံလုပ်သားထုအတွက် အဆုံးထိတိုက်ပွဲဝင်မည်ဟု STU-M ဆို

ဖိနှိပ်ခံအောက်ခြေလုပ်သားထုအတွက် အဆုံးထိတိုက်ပွဲဝင်ပေးသွားမည်ဖြစ်ကြောင်း သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂ-မြန်မာ(STU-M)၏ တာဝန်ရှိသူက MPA သို့ပြောသည်။

လတ်တလော STU-M အနေဖြင့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Bontech အထည်ချုပ်စက်ရုံလုပ်သားများ စံချိန်တင်အလုပ်ထုတ်ခံရမှုနှင့် လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားသော Spring Mon Garment Manufacturing Co-Ltd အထည်ချုပ်စက်ရုံရှိ လုပ်သား ၁၇၀ ကျော်၏ လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုဆန္ဒပြမှုတို့အတွက် လိုက်ပါဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

Bontech စက်ရုံရှိ အလုပ်သမားသမဂ္ဂအဖွဲ့သည် STU-M ၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် အဆုံးထိကူညီပေးမည်ဟု STU-M)၏ တာဝန်ရှိသူက MPA သို့ ပြောသည်။

“လက်ရှိမှာတော့ သက်ဆိုင်ရာဦးစီးဌာနတွေကိုတော့ တိုင်စာပို့ထားတယ်။ နောက်ပြီး Brand တိုင်စာပို့ထားတယ်။ Bontech က STU-M ရဲ့ Member Union(သမဂ္ဂ)ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဘက်က အစွမ်းကုန်တုံ့ပြန်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Bontech Manufacturing Co., Ltd အထည်ချုပ်စက်ရုံတွင် အခြေခံလုပ်ခလစာတိုးမြှင့်ပေးရန် ဇွန်လနှောင်းပိုင်းကာလအတွင်း တောင်းဆိုခဲ့ပြီးနောက်ပိုင်း၊ စက်ရုံစီမံခန့်ခွဲမှုပိုင်းက ဦးဆောင်သူ အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို အကြောင်းပြချက်အမျိုးမျိုးရှာကာ စံချိန်တင်အလုပ်ထုတ်ပယ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နှင့် ၁၅ ရက်နေ့များတွင် သမဂ္ဂအဖွဲ့ဝင်များကို ဆက်တိုက်အလုပ်ထုတ်ခဲ့သကဲ့သလို့ ဇူလိုင် ၁၆ ရက်နေ့တွင်လည်း စက်ရုံလူ့စွမ်းအားအရင်းအမြစ် (HR) ဌာန၏ တိုက်ရိုက်လက်မှတ်ဖြင့် Bontech အခြေခံအလုပ်သမားသမဂ္ဂ၏ အတွင်းရေးမှူးဖြစ်သူ ဦးဝေဖြိုးဦးကို ထပ်မံအလုပ်ထုတ်ခံခဲ့ရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ STU-M ဘက်က သက်ဆိုင်ရာဌာနများကို တိုင်စာပို့ထားသကဲ့သို့ အလုပ်ထုတ်ခံ လုပ်သားများဘက်ကလည်း မူလနေရာပြန်ရရေး လုပ်ဆောင်နေသည်ဟု သိရသည်။

“အလုပ်ထုတ်ခံရတဲ့သူတွေအနေနဲ့လည်း မူလနေရာ၊ မူလရာထူးနဲ့ ပြန်ရအောင်နဲ့ အလုပ်ထုတ်ခံထားရတဲ့ရက်အတွင်းမှာ ကြားကာလနစ်နာကြေးရအောင်လည်း သူတို့ပြန်လည်တောင်းဆိုသွားမှာပါ” ဟု အလုပ်သမားများဘက်က လိုက်လံကူညီပေးနေသူက ပြောသည်။

အဆိုပါအရေးနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန(အလည)အပြင် အလုပ်သမားဝန်ကြီးဌာနတို့ကို တိုင်ကြားစာပို့ထားသည်ဟု သိရသည်။

လှိုင်သာယာ စက်မှုဇုန် (၄) ရှိ Spring Mon Garment စက်ရုံလုပ်သား ၁၇၇ ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ကတည်းက ဒေးကြေး ကျပ် ၁၃,၀၀၀ နှင့် ဥပဒေပါ အခွင့်အရေးတွေရရှိရန် ဇူလိုင် ၁၈ ရက်၊ တောင်းဆိုမှု (၁၁) ရက်မြောက်နေ့အထိ တိုက်ပွဲဝင်နေကြသည်။

ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းတွင် တိုင်းအလုပ်သမားစစ်ဆေးရေးရုံးမှာ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ (၆) ကြိမ်မြောက်အဖြစ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြသော်လည်း အလုပ်ရှင်ဘက်က ဒေးကြေး ကျပ် ၁၁,၀၀၀ သာ ပေးနိုင်မည်ဟုဆိုသည့်အတွက် အလုပ်သမားများဘက်က ခေါင်းမာတင်းခံနေကြဆဲဖြစ်သည်။

ဓာတ်ပုံ – STU-M