မြန်မာ့အရေး ဖိလစ်ပိုင်၏ ပျက်ကွက်မှုသည် အာဆီယံအတွက် ရပ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်ဟု နိုင်ငံတကာ မြန်မာ့အရေးကျွမ်းကျင်သူများ သတိပေး

By MPA

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်မှုများသည် သတ္တိနည်းမှုနှင့် မှားယွင်းသော ဆုံးဖြတ်ချက်များ ပေါင်းစပ်နေပြီး ၎င်းပျက်ကွက်မှုများသည် အာဆီယံအဖွဲ့ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှု (Existential Threat) ဖြစ်လာနေကြောင်း မလေးရှားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းများအပါအဝင် နိုင်ငံတကာ မြန်မာ့အရေး ကျွမ်းကျင်သူများက ယနေ့ (ဇူလိုင် ၁၈ ရက်) တွင် ပြင်းထန်စွာ ဝေဖန်သတိပေးလိုက်သည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒာတိုស្រီ ဆိုင်ဖူဒင် အဗ္ဗဒူလာ (Dato’ Sri Saifuddin Abdullah)၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ခွန်ကဆစ် ပီရိုမိုရာ (Khun Kasit Piromya) နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ တည်ထောင်သူ သုံးဦးတို့က ပူးတွဲကာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်၍ ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားသူ ဖိလစ်ပိုင်နိုင်ငံခြားရေးဒုတိယဝန်ကြီး သီရီဆာ လာဇာရို (Ma. Theresa Lazaro) သည် စစ်ကောင်စီ၏ သွေးထွက်သံယိုမှုများနှင့် ခေါင်းမာမှုများကို ဆုချသည့်အနေဖြင့် ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံတွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲပြုလုပ်ရန် သဘောတူခဲ့ကြောင်း၊ ယင်းသည် ကြီးမားသော အမှားအယွင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲဖြစ်မြောက်ရန် သဘောတူညီခဲ့ရာတွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ထံမှ မည်သည့်အလျှော့ပေးမှုကိုမျှ မရရှိခဲ့ဘဲ၊ အစည်းအဝေးကျင်းပနေစဉ် ကာလတိုအတွင်း၌ပင် အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် တောင်းဆိုခြင်း မရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ၏ အစီရင်ခံစာကို ကိုးကား၍ ဖော်ပြထားသည်။

အစည်းအဝေးကျင်းပသည့် ဇူလိုင် ၁၂ ရက်နေ့တွင်ပင် ကရင်ပြည်နယ် မူတြော်ခရိုင်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။

ဤဘန်ကောက်အစည်းအဝေးသည် စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို ချိုးဖောက်ခဲ့ပြီးနောက်ပိုင်း အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံမှုအပေါ် ၂၀၂၁ ခုနှစ်ကတည်းက ပိတ်ပင်ထားသည့် အာဆီယံ၏ စည်းကမ်းချက်ကို ချိုးဖောက်ကာ လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် မြန်မာ့တရားဝင် အစုအဖွဲ့များနှင့် ဆက်ဆံရေး တည်ဆောက်ခဲ့သည့် မလေးရှားနိုင်ငံသည် ယခုအစည်းအဝေးသို့ အဆင့်နိမ့်အရာရှိကိုသာ စေလွှတ်ခဲ့ပြီး၊ လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည့် စင်ကာပူနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဗာလာခရစ်ရှနန် (Dr Vivian Balakrishnan) ကမူ ဘုံသဘောတူညီချက် ၅ ချက်၏ အဓိကအရေးပါမှုနှင့် စစ်ကောင်စီဘက်က ပြသရမည့် တိုးတက်မှုများ လိုအပ်ကြောင်း အလေးအနက် တိုက်တွန်းခဲ့သည်။

လာမည့် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအနေဖြင့် ကျဆင်းသွားသော ဂုဏ်သိက္ခာကို ဆယ်တင်ရန်နှင့် စစ်ကောင်စီ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမှုအပေါ် အလုံးစုံပိတ်ပင်ချက်ကို ချက်ချင်းပြန်လည် အသက်သွင်းရန် မြန်မာ့အရေးကျွမ်းကျင်သူများက တောင်းဆိုထားသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်အောက်ခံ လွှတ်တော်က ဘုံသဘောတူညီချက် ၅ ချက်ကို ငြင်းပယ်ထားသည့်အတွက် အာဆီယံအနေဖြင့် စစ်ကောင်စီက လိုက်နာမှုမရှိပါက နောက်ဆက်တွဲ အရေးယူမည့် အစီအမံများပါဝင်သော မူဘောင်အသစ်တစ်ရပ်ကို အမြန်ဆုံး ချမှတ်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူထုအခြေပြုလူမှုအဖွဲ့အစည်းများနှင့် ရိုဟင်ဂျာအပါအဝင် လူနည်းစုကိုယ်စားလှယ်များ ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union) နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ချက်ချင်းစတင်ရန် နိုင်ငံတကာခေါင်းဆောင်များက အလေးအနက် တိုက်တွန်းထားကြောင်း သတင်းရရှိသည်။