ရန်ကုန်တွင် ကားလမ်းမဘေးအိပ်သည့် အိမ်ခြေယာခြေမဲ့ အဆမတန် များလာ

ဓာတ်ပုံ-ပေးပို့
ပုံစာ- ရန်ကုန်မြို့ရှိ အိမ်ယာမဲ့များ။

ရန်ကုန်မြို့တွင် ကားလမ်းမနံဘေး အမိုးရှိသည့်နေရာများ၌ အိပ်သည့် အိမ်ခြေယာခြေမဲ့သူ အဆ မတန် များပြားနေကြောင်း သိရသည်။

ရန်ကုန်မြို့နေရာအနှံ့ရှိ ကားမှတ်တိုင်၊ပန်းခြံ၊ခုံးကျော်တံတားအောက်၊ တံတားပေါ်နှင့် အမိုးရှိသည့် နေရာတို့တွင် အိပ်ကြသည့် အိမ်ခြေယာခြေမဲ့သူတို့ကို အများအပြား တွေ့ရကြောင်း ရန်ကုန်မြို့ခံ အချို့က ဆိုသည်။

“များတာမှ တော်တော်ကို များတယ်။ ဖမ်းလို့ မနိုင်အောင် များတယ်လို့ ပြောရမယ်ထင်တယ်။မိသား စုလိုက်ကို အထုပ်အပိုးတွေနဲ့ နေကြတာ။မနက်ကျရင် အဲဒီအထုပ်အပိုးတွေကို ဘယ်မှာ သွားထားသ လဲတော့ မသိဘူး”ဟု အသက်၅၀ကျော်အရွယ်ရှိ ရန်ကုန်ဇာတိသား ကုမ္ပဏီဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။

ယင်းအိမ်ခြေယာခြေမဲ့အများစု၏ အဓိကအသက်မွေးမှုမှာ တောင်းရမ်းခြင်းဖြစ်ပြီး ၎င်းတို့နေ့စဉ် တောင်းရမ်းကြသည့်နေရာဝန်းကျင်မှာပင် ညအိပ်လေ့ရှိကြကြောင်း သိရသည်။

“ဘာလို့ ပြောနိုင်လဲဆိုတော့ ကျနော်က ကားမောင်းနေတဲ့သူဆိုတော့ မနက်ဘက် ဒီနေရာမှာ တောင်းရမ်းတဲ့ကလေးတွေကို ညဘက်လည်း ဒီနေရာနားဝန်းကျင်မှာပဲ တွေ့လို့ ဘယ်မှာနေလဲလို့ မေးကြည့်တာ”ဟု ရန်ကုန်မြို့၊ သာကေတမြို့နယ်နေ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ထက်တစ်နှစ် စီးပွားရေးကျပ်တည်းလာခြင်းနှင့် အပြိုင် အိမ်ခြေယာခြေမဲ့များနှင့် တောင်းရမ်းစားသောက်သည့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုတို့ အဆမတန် များပြားလာခဲ့သည်။

“ကျနော်တို့ငယ်ငယ်တုန်းက တောင်းတာ ၅ပြား၊၁၀ပြား သနားကြပါပေါ့။ မနေ့ကပဲ မြို့ထဲမှာ တောင်းနေတဲ့ကလေးက ထမင်းဖိုးလေး ၅၀၀၊၁၀၀၀ လောက် သနားကြပါလို့ ပြောနေတယ်။အ နည်းဆုံး ၂၀၀ လောက်ပေးမှ တောင်းစားတဲ့သူတွေလည်း ကြည်ဖြူတယ်။၁၀၀တန်ဆိုတာလည်း မရှိ တော့ပါဘူး”ဟု တောင်ဥက္ကလာပ၊၇ဆူဘုရားအနီးနေ အမျိုးသားကြီးတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့်များလည်း အဆမတန် များပြားနေကြောင်း ၎င်းတို့က ဆိုကြသည်။