ရန်ကုန်မြို့၊လှိုင်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူး လက်ပါးစေ ဆိုက်ကားသမားများသည်လည်း စစ်မှု ထမ်းအတွက် ပေါ်တာဆွဲပေးနေကြောင်း သိရသည်။
လတ်တလောရရှိထားသော သတင်းအရ လှိုင်မြို့နယ်၊၁ရပ်ကွက်၊၄ရပ်ကွက်၊၇ရပ်ကွက်၊၁၆ ရပ်ကွက်နဲ့ ၁၃ရပ်ကွက် အတွင်းရှိ အုပ်ချုပ်ရေးမှူး လက်ပါးစေ ဆိုက်ကားသမားများက ညဘက် ဆိုက်ကားစီးသည့် လူငယ် များအား ပေါ်တာဆွဲနေကြောင်း လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူထံက သိရသည်။
“ညဘက် မူးပြီး ပြန်လာတဲ့လူတွေ လူမှန်းသူမှန်းမသိ ဖြစ်ပြီး ဆိုက်ကားငှားမိရင် ငဆိုက်တွေက အုပ်ကြီးရုံးထဲကို တန်းထည့်ပစ်လိုက်တယ်။အဲဒီအတွက် ပိုက်ဆံလည်း မြိုးမြိုးမြက်မြက်ရတယ်။ အဲဒါကြောင့် ဓာတ်သိတွေက ညဘက်ပြန်ရင် ဆိုက်ကား မစီးဘူး၊ လမ်းသွယ်တွေထဲကပဲ ဖြတ်ပြန်ကြတယ်” ဟု ၎င်းက MPAသို့ပြောသည်။
လှိုင်မြို့နယ်အတွင်း ဘုရင့်နောင်လမ်း-ဗဟိုလမ်း၊ ဗဟိုလမ်း-အင်းစိန်လမ်းနှင့် အင်းစိန်လမ်း- ပြည်လမ်းတို့ကြားတွင် ရပ်ကွက်များရှိပြီး ယင်းရပ်ကွက်များအတွင်းသို့ ဝင်သည့်လမ်းများမှာ လမ်းကြောရှည်သဖြင့် ဆိုက်ကားစီးလေ့ရှိကြသည်။
“၄ရပ်ကွက်ကကောင်တွေက သီရိမင်္ဂလာဈေး ကုန်ကြိုတဲ့ ကလေးတွေကို ပစ်မှတ်ထားတာ။ သူတို့က အေးရိပ်မွန်လမ်းထဲ ပတ်တာ၊ အေးရိပ်မွန် ၁ လမ်း ဂိတ်တို့ ချစ်တီးဘုရားလမ်းကွေ့နား တို့ဆိုတာ ည ၁၀ နာရီ ယောင်လို့တောင် မသွားနဲ့။ လှိုင်ဈေးလေးတစ်ဝိုက် ညဘက်ဆို ပျူလုပ်တဲ့ သန်းထိုက်က ဆိုက်ကားနဲ့ပတ်နေတာ။သူက PDFတွေ ၂ခါလာပစ်တာတောင် လွတ်ခဲ့တဲ့ကောင် ။ ရွာမကွေ့ဆို ကိုငွေ အစ်ကို မတ်စိက ၂ အုပ်ကြီးလုပ်နေတာ ။ဒီကောင်လည်း ညဘက် ဆွဲတာပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ပေါ်တာဆွဲသည့် ဆိုက်ကားသမားများမှာ ဝင်ငွေကောင်းနေသဖြင့် လက်ဖက်ရည်ဆိုင်ကြီးများတွင် ပင် ပုံမှန် နံနက်စာစားနိုင်ကြကြောင်း သိရသည်။
“မနက်ဆို လက်ဖက်ရည်ဆိုင်ကြီး ရွှေကံ့ကော်တို့ ပန်းလှတို့မှာ ထိုင်နိုင်တယ်။ဒီကောင်တွေက မိသားစုလိုက် ပုံမှန် ထိုင်နေတာ။ မယုံရင် လှိုင်ဈေးကြီးဘေးကဆိုင်၊ ဘူတာရုံလမ်းနဲ့ အုတ်ကျင်း လမ်းမပေါ်က ပန်းလှ၊ အင်းစိန်လမ်းပေါ်က သံလမ်းထိပ်က ဆိုင်ကြီးတွေကိုသာကြည့်”ဟု ၎င်းက ပြောသည်။
၎င်း ဆိုင်ကြီးများမှာ ဆိုင်လခ တစ်လ သိန်း၄၀ ကျော်ပေးရသဖြင့် ဈေးမြင့်မားစွာယူပြီး ကော်ဖီ မစ်ပလိန်းမရောင်းဘဲ ရေနွေးကြမ်းတစ်ခွက် ၅၀၀ယူသည့်ဆိုင်များအဖြစ် နာမည်ကြီးသည်။ ကြက် ဉကြော်ပါသည့် ထမင်းကြော်ကို ၄၅၀၀ ကျပ်ယူပြီး လက်ဖက်ရည် ဆိုင်သောက် ၃၅၀၀၊ ကော်ဖီလက် ဖျော် ၃၀၀၀၊ မုန်ဟင်းခါးအလွတ် ၃၅၀၀ ကျပ် အနည်းဆုံးပေးရသော ဆိုင်များပင်ဖြစ်သည်။
ပေါ်တာ တစ်ဦး ဖမ်းပို့လျှင် ငွေမည်မျှရသလဲဆိုသည်ကို မသိသေးကြောင်းနှင့် ယင်းသို့ ပေါ်တာဆွဲ နေသည့်ဆိုက်ကားသမားများကို အခြားဆိုက်ကားသမားများက သိသော်လည်း မပြောရဲသဖြင့် မသိချင်ယောင်ဆောင်နေကြကြောင်း ဆိုသည်။
လှိုင်မြို့နယ်၊ဘူတာရုံလမ်းနေ အသက်၄၅နှစ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးကလည်း “အတိအကျ မသိပေမဲ့ ငဆိုက်တွေ ပေါ်တာဆွဲနေတာ ကြားတယ်။အရင်ကတည်းက သိထားတာက ဆိုက်ကား ဂိတ်တိုင်းမှာ အုပ်ကြီး အောက်ဆွဲတွေရှိတယ်။ကျနော်ကတော့ ဝင်ငွေလည်း မကောင်းတာကြာပြီဆို တော့ ဆိုက်ကားလည်း မစီးတာကြာပြီ။ညဘက်လည်း အပြင်မထွက်ဘူး”ဟု ပြောသည်။
လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့တွင် ပေါ်တာဆွဲထားသည့် လူငယ်များကို ယာယီချုပ်နှောင်ထားရန် အချုပ်ခန်းပုံစံ ပြုလုပ်ထားကြသည်။
ရန်ကုန်မြို့တွင် စစ်မှုထမ်းအတွက် ပေါ်တာလိုက်ဆွဲခြင်းမှာ ဝင်ငွေကောင်းသည့် စီးပွားရေးတစ်ရပ်အ သွင်ဖြစ်နေပြီး စစ်သား၊ရဲ၊ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စစ်တပ်နှင့်ချိတ်ဆက် ထားသူများ လုပ်ကိုင်လျက်ရှိသည်။
