By MPA
အာဏာသိမ်းစစ်တပ်ကို အပြတ်တိုက်မည်ဟုကြွေးကြော်ထားသည့် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအား KNLA ၏ စစ်ဦးစီးချုပ်သစ်အဖြစ် KNU က ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်ဟဲ ကျန်းမာရေးအခြေအနေကြောင့် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအား ယခုလို လူပြောင်းရခြင်းဖြစ်သည်ဟု KNU ဘက်က အကြောင်းပြထားကြောင်း ထိုင်းသတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ သိရသည်။
စစ်ဦးစီးချုပ်ဟောင်းက တာဝန်များကို ဆက်လက်မထမ်းဆောင်နိုင်တော့သည့်အတွက် KNU ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနက အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် စစ်ဦးစီးချုပ် တာဝန်လွှဲပြောင်းရေး လုပ်ငန်းစဉ်များကို အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ရေးသားဖော်ပြထားကြသည်။
KNLA စစ်ဦးစီးချုပ်အသစ် ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲသည် လက်ရှိတွင် အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး၊ KNLA တပ်မဟာ ၅ နယ်မြေဖြစ်သော ဖာပွန်ဒေသ၊ တံခွန်တိုင်ကျေးရွာသား ကရင်တိုင်းရင်းသားတစ်ဦး ဖြစ်သည်။
၎င်းသည် ၁၉၈၂ ခုနှစ်ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စစ်မှုထမ်းသက်တမ်း ရှိခဲ့သူဖြစ်သည်။
၎င်းသည် တော်လှန်ရေးကာလအတွင်း ကရင်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြ၏ ရုံးခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်၊ ရှေ့တန်းစစ်မျက်နှာများဖြစ်သည့် KNLA တပ်ရင်း ၂ နှင့် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် KNLA ကွန်မန်ဒို အထူးစစ်ဆင်ရေးသင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး၊ မာနယ်ပလောဌာနချုပ် ကျဆုံးပြီးနောက်ပိုင်း တပ်မဟာ ၅ အထူးစစ်ဆင်ရေး တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ KNLA ဒုတိယစစ်ဦးစီးချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ယူခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲသည် ကိုယ်ကျိုးစီးပွား ရှုပ်ထွေးမှုမရှိဘဲ မြန်မာစစ်အုပ်စုအား ပြတ်ပြတ်သားသား တိုက်ခိုက်မည့် ခိုင်မာသော ရပ်တည်ချက်ရှိခြင်းကြောင့် ကရင်ပြည်သူများအကြား အလွန်ရေပန်းစားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။
၎င်း၏ ဦးဆောင်မှုအောက်တွင် KNLA တပ်မဟာ ၅ အနေဖြင့် သံလွင်မြစ်ဝှမ်းအတွင်းရှိ မြန်မာစစ်တပ်စခန်းအားလုံးကို ရာနှုန်းပြည့် တိုက်ထုတ်မောင်းထုတ်နိုင်ခဲ့ကြောင်း သိရသည်။
