ကျောက်ပန်းတောင်းတွင် ပေါ်တာဆွဲခံရလျှင် ပြရန် စစ်မှုထမ်းကြေး ထည့်ထားသည့် ဖြတ်ပိုင်းပေး

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့တွင် စစ်မှုထမ်းကြေး ထည့်ဝင်ထားသောအိမ်များကို ပေါ်တာ ဆွဲခံရလျှင် ပြရန် ဖြတ်ပိုင်းပေးထားကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၊သာယာအေးရပ်ကွက်အတွင်း စစ်မှုထမ်းကြေး ထည့်ဝင်ထားသော အိမ်များ ကို “သာယာအေးရပ်ကွက်၊တာဝန်ကျဖြတ်ပိုင်း”ဟု ရေးထားသော ဖြတ်ပိုင်းပေးထားပြီး မိမိအိမ်မှ တစ်ယောက်ယောက် ပေါ်တာဆွဲခံရပါက ယင်းဖြတ်ပိုင်းပြ၍ ပြန်ထုတ်နိုင်သည်ဟု ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦထံက သိရ သည်။

“အဲဒီဖြတ်ပိုင်းပြရင် ပေါ်တာဆွဲခံထားရတဲ့သူကို တကယ် ထုတ်ပေး၊မပေးတော့ မသိဘူး။ရပ်ကွက် တိုင်းက ဖြတ်ပိုင်းထုတ်ပေးတယ်လို့ကြားတယ်။ရပ်ကွက်တစ်ခုနဲ့တစ်ခု ငွေကောက်တာချင်း အနည်း ၊အများကွာတယ်။အခု ဒီလ(ဇူလိုင်)မှ စစ်မှုထမ်းကြေး စကောက်တာ”ဟု ၎င်းက MPAသို့ပြောသည်။

သာယာအေးရပ်ကွက်တွင် စစ်မှုထမ်းအကျုံးဝင်လူငယ်ရှိသည့်အိမ် ကျပ်၃သောင်း၊ အကျုံးဝင်လူငယ် မရှိသည့်အိမ် ၂သောင်း၊ အကျုံးဝင်လူငယ်မရှိသည့် လက်လုပ်လက်စားအိမ် တစ်သောင်းခွဲနှင့် ပေါ် တာပါပြီးသားအိမ် တစ်သောင်းခွဲ ထည့်ဝင်ရကြောင်း သိရသည်။

“အခုကျောက်ပန်းတောင်းမြို့ပေါ်မှာ ပေါ်တာမဆွဲတာတော့ ၅ရက်လောက်ရှိပြီ၊ ငြိမ်နေတာ။ အခု ၅ရက်မတိုင်ခင်ကတော့ တောက်လျှောက်ဆွဲနေတာ နှစ်ပေါက်နေပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။

ကျောက်ပန်းတောင်းမြို့အနီးရှိ ရွာများတွင်လည်း တစ်အိမ် တစ်သောင်းနှုန်း ကောက်ခံနေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၊သာယာအေးရပ်ကွက်အတွင်းရှိ အလုပ်သမားများ အသွားအလာများသည့် အနောက်မြို့ပတ်လမ်းနှင့် မြေနီလမ်းတို့တွင် ပေါ်တာအဆွဲများပြီး ဖမ်းဆီးမိသူများကို ကျောက်ပန်း တောင်းမြို့နယ်ထွေအုပ်ရုံး၌ တစ်ညထားကာ နောက်တစ်ရက်၌ ကျောက်ပန်းတောင်းအမြောက်တပ် သို့ ပို့ဆောင်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ပေါ်တွင် ပေါ်တာအဆွဲကြမ်းသဖြင့် ညဦးပိုင်း၌ အပြင်ထွက်သူ မရှိသ လောက် နည်းကြောင်း သိရသည်။

ပေါ်တာအဆွဲခံရသူများကို ကျပ်သိန်း၂၀၀ကျော်အထိပေးမှ ပြန်လွှတ်ပေးကြောင်း သတင်းထွက်ပေါ် နေသော်လည်း လူငယ်များဆိုပါက ငွေပေးလည်း ပြန်ရွေး၍ မရကြောင်း သိရသည်။