၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးအရ အင်အားကြီးမားလာပြီး လူထုစိတ်ဝင်စားမှု မြင့်တက်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျား ခေါင်းဆောင်သောအဖွဲ့သည် ယနေ့ (ဇူလိုင်လ ၁၉ ရက်) တွင် စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်လာသည့် ဆွေးနွေးပွဲမှတ်တမ်းဓာတ်ပုံများအရ အဆိုပါတွေ့ဆုံပွဲသို့ TNLA ဘက်မှ ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျား တက်ရောက်ခဲ့ပြီး၊ စစ်ကော်မရှင်ဘက်မှ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံမှုတွင် နှစ်ဖက်အဖွဲ့အစည်းများအကြား မည်သည့်အချက်အလက်များကို အဓိကထားဆွေးနွေးခဲ့ကြပြီး မည်ကဲ့သို့သဘောတူညီချက်များ ရရှိခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
အဆိုပါတွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျမတို့ ခေါင်းဆောင် တာဂျုတ်ဂျားဦးဆောင်ပြီးတော့မှ နေပြည်တော်ကို ရောက်ရှိနေတာမှန်ကန်ပါတယ်။ လောလောဆယ်မှာတော့ ဘာကိုဆွေးနွေးမလည်းဆိုတာတော့ မကြားသိရသေးပါဘူး။ သွားရောက်တဲ့ ကိုယ်စားလှယ်တွေ ပြန်ရောက်မှ သိရမှာဖြစ်ပါတယ်” ဟု MPAကို ပြောသည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်စခန်းများနှင့် မြို့ပေါင်းများစွာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပြီး တရုတ်၏ တောင်းဆိုဖိအားပေးမှုကြောင့် မိုးကုတ်နှင့် မိုးမိတ်မြို့ ကို စစ်ကော်မရှင်ထံ ပြန်လည်ပေးအပ်ခဲ့ရသည်။
ထို့နောက် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့ သို့ စစ်ကော်မရှင်တပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းနှင့် တရုတ်၏ ဖိအားကြောင့်လည်းကောင်း ဤမြို့များကိုပါ လက်လွှတ်ခဲ့ရသည်။
ယင်းအပြင် ၂၀၂၆ ခုနှစ်၊ မတ်လတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က TNLA ထံမှ တိုက်ခိုက်သိမ်းယူခဲ့ပြီး ယနေ့အချိန်အထိ MNDAA ကသာ ဆက်လက်ထိန်းချုပ်ထားသည်။
အထက်ပါအခြေအနေများကြောင့် လက်ရှိ TNLAနမ့်ဆန်နှင့် မန်တုံမြို့နယ်များကို အဓိကထား ထိန်းချုပ်ထားနိုင်သည်။
ယခုလဆန်းပိုင်းကလည်း တရုတ်အစိုးရသည် MNDAA နှင့်တွေ့ဆုံခဲ့ပြီး UWSA , KIA , TNLA , MNDAA အဖွဲ့များ စစ်ကော်မရှင်နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ညွှန်ကြားမှုပြုလုပ်ခဲ့သေးသည်။
