By MPA
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ၏ လက်ရှိချဉ်းကပ်မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်အချို့က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်မှာ မှားယွင်းပြီး ရည်ရွယ်ချက်ရှိရှိ စွပ်စွဲထားသော ပြောကြားချက်များကို အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဝမ်းနည်းကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၁၉ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံတို့၏ အလွတ်သဘော အစည်းအဝေးသည် ၂၀၂၆ ခုနှစ်၊ မေ ၂၁ ရက်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အွန်လိုင်းမှတစ်ဆင့် အလွတ်သဘော တိုးချဲ့ဆွေးနွေးပွဲများအတွင်း တိုင်ပင်ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အဆိုပါ အစည်းအဝေးများကို ဆီဘူမြို့၌ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ပေးအပ်ခဲ့သော တာဝန်ဝတ္တရားများနှင့်အညီ၊ ဘုံသဘောတူညီချက် (၅) ချက် နှင့်အညီ မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်ပြီး အခြေခံမူများအတိုင်း ဆက်လက်ထိတွေ့ဆက်ဆံရန် ကျင်းပခြင်းဖြစ်သည်ဟုဆိုသည်။
ထိုကဲ့သို့ ဆွေးနွေးတိုင်ပင်မှုများအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဘုံသဘောတူညီချက် (၅) ချက်ကို အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လက်တွေ့ကျသည့် နည်းလမ်းများကို ရှာဖွေရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံရှိ နောက်ဆုံးအခြေအနေများ၊ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုတွင် ရှေ့ဆက်လုပ်ဆောင်မည့် နည်းလမ်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်မည့် အလားအလာများအား ဆွေးနွေးရန်အတွက် စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဤအစည်းအဝေးများသည် သက်ဆိုင်ရာပါတီအားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန် အထူးကိုယ်စားလှယ်၏ တာဝန်ဝတ္တရားများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ ဘုံသဘောတူညီချက် (၅) ချက်ကို စွန့်လွှတ်ခြင်းအဖြစ် အဓိပ္ပာယ်ကောက်ယူခြင်း မဖြစ်သင့်သလို၊ ထိုသို့လည်း မဟုတ်ဘဲ၊ ငြိမ်းချမ်းရေးဆီသို့သွားရာ လမ်းကြောင်းကို ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော ပါတီအားလုံးနှင့် ပြတ်သားသည့် သံတမန်ရေးရာ ဆွေးနွေးမှုများမှတစ်ဆင့်သာ ရရှိနိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။
အာဆီယံဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အာဆီယံ၏ အဓိကရည်ညွှန်းချက်အဖြစ် ဘုံသဘောတူညီချက် (၅) ချက်ကို ထပ်လောင်းအတည်ပြုထားသည်။
ဤကိစ္စနှင့်စပ်လျဉ်း၍ အထူးကိုယ်စားလှယ်သည် ဘုံသဘောတူညီချက် (၅) ချက်ပါ သက်ဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် ရန်လိုမှုများ ရပ်စဲခြင်း၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများကို အဆင်ပြေချောမွေ့စေခြင်း၊ ဆွေးနွေးမှုလုပ်ငန်းစဉ်များတွင် ကြားဝင်ဆောင်ရွက်ပေးခြင်းနှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးခြင်းတို့ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများတွင် သက်ဆိုင်ရာပါတီအားလုံးနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရန် ကတိကဝတ်ပြုထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
