လုံလောက်သည့် ဆေးကုသခွင့်မရသဖြင့် နိုင်ကျဉ်း ၁၄၈ဦး ကျဆုံးခဲ့ဟုဆို

ဓာတ်ပုံ-Zayar Lwin FB ပုံစာ- အင်းစိန်ထောင်တွင်းတစ်နေရာ။

By MPA

လုံလောက်သည့် ဆေးကုသခွင့်မရရှိသဖြင့် မတရားဖမ်းဆီးခံထားရစဉ် ကျဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသား ၁၄၈ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ယနေ့(ဇူလိုင်၂၀ရက်) သတင်းထုတ်ပြန်သည်။

PPNM ကောက်ယူရရှိထားသော အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်မှ ၂၀၂၆ ခုနှစ်၊ မေလအထိ ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၄၈ဦးထံတွင် အမျိုးသားနိုင်ငံရေးအကျဉ်းသား ၈၆ရာခိုင်နှုန်း၊ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၁၃ရာခိုင်နှုန်းနှင့် LGBT တစ်ရာခိုင်နှုန်းရှိကြောင်း ကျဆုံးချိန် အသက်အပိုင်းအခြားများမှာ အသက်၃၆နှစ်မှ ၅၅နှစ်ကြား အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ်သည် လုံလောက်သည့် ဆေးကုသခွင့်မရရှိသဖြင့် ကျဆုံးမှုနှုန်း အမြင့်ဆုံးနှစ်ဖြစ်ပြီး အင်းစိန်ထောင်သည် ကျဆုံးမှုနှုန်း ၃၄ဒဿမ၅ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ကာ အိုးဘိုထောင် ၁၂ဒဿမ၈ရာခိုင်နှုန်း၊ ဒိုက်ဦးထောင် ၅ဒဿမ၄ရာခိုင်နှုန်း၊ မကွေးထောင် ၄ဒဿမ၇ရာခိုင်နှုန်းနှင့် သာယာဝတီထောင် ၄ဒဿမ၁ရာခိုင်နှုန်း ရှိကြောင်း PPNM က ထုတ်ပြန်သည်။

အဓိက ကျဆုံးရသည့်အကြောင်းရင်းများမှာ နှလုံးရောဂါ၊ အသည်းပျက်စီးခြင်း၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာနှင့် နာတာရှည်ရောဂါများကြောင့် ကျဆုံးမှု ၆၄မှု ဖြင့် အများဆုံးဖြစ်ပြီး၊ အောက်ဆီဂျင်ပြတ် လပ်မှု၊ ကိုဗစ်-၁၉၊ သွေးဆိပ်သင့်မှုနှင့် တီဘီရောဂါကဲ့သို့သော ကူးစက်တတ်သည့် ရောဂါများကြောင့် ကျဆုံးမှု ၁၆ မှု ၊စစ်ဆေးမေးမြန်းစဉ် ရရှိခဲ့သော ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးမှု ၇ မှုနှင့် အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်သော အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ပြဿနာများ၊ ပြင်းထန်သော ဖျားနာမှုနှင့် အာဟာရချို့တဲ့မှုများကြောင့်လည်း ကျဆုံးခဲ့ကြကြောင်း သိရသည်။