နေအိမ်မှ အောက်သို့ ဆင်းသွားသည့် စမ်းချောင်းလူငယ်တစ်ဦး ပျောက်ဆုံးပြန်

ဓာတ်ပုံ-လူမှုကွန်ရက်

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်အတွင်း နေအိမ်မှ အောက်သို့ ဆင်းသွားပြီးနောက် ပျောက်ဆုံးသွား သည့်လူငယ်တစ်ဦးကို ၁၀ရက်ကျော်ကြာသည့်တိုင် အဆက်အသွယ်မရသေးကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊မြင့်မိုရ်လမ်းနေ အသက်၃၀အရွယ်ရှိ ကိုအောင်ပြည့်စုံ (ခေါ်) စူးခေတ် (BSL) သည် ဇူလိုင်၉ရက်၊မွန်းလွဲ၃နာရီခန့်က နေအိမ်မှ အောက်သို့ ဆင်းသွားပြီးနောက် ပျောက်ဆုံးသွား ခဲ့ရာ ၎င်းကိုင်ဆောင်သည့် ဖုန်းလည်း ပိတ်ထားသဖြင့် ဆက်သွယ်၍ မရကြောင်း လူမှုကွန်ရက်ပေါ် အကူအညီတောင်းခံသည့် လူပျောက်ကြော်ငြာအရ သိရသည်။

“ကျနော် သေချာသိလို့ ပြောပြတာပါ။ လူပျောက်ပြီဆို ပျောက်တဲ့နေ့မှာပဲ ကိုယ့်မြို့နယ်ထဲက ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ အရင်ရှာပါ။ အဲမှာ မရှိဘူးဆိုရင် ဘုရင့်နောင်လမ်းပေါ်က ဘုရင့် နောင်စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် ချိတ်ဆက်ရှာပါ။ အလကား တော့ ပြန်မလွတ်ဘူး။အနည်းဆုံး သိန်းလေး၊ငါးဆယ် ပေးရတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။

ရန်ကုန်မြို့ လမ်းများပေါ်တွင် နေ့ခင်းရော ညမှာပါ စစ်သား၊ရဲ၊ပျူစောထီး၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ နှင့် စစ်တပ်နှင့်ချိတ်ဆက်ထားသူများက ကိုယ့်အစုအဖွဲ့နှင့်ကိုယ် စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ရောင်းစားနေကြသည်ကို ရန်ကုန်ပြည်သူများ ယုံကြည်စွာဖြင့် အလေးအနက်ထားကြရန် ၎င်းက ဆက်လက်ပြောသည်။

ကိုအောင်ပြည့်စုံ၏ မိသားစုဝင်များက အထူးစိုးရိမ်နေကြသဖြင့် သတင်းအစအနရပါက ဆက်သွယ် ပေးကြရန် ဖုန်းနံပါတ်လည်း ဖော်ပြထားသည်။

ဇွန်လတစ်ရက်ကလည်း စမ်းချောင်းမြို့နယ်နေ KBZpay Center (Time Mall)တာဝန်ခံ အသက် ၂၇နှစ် အရွယ်ရှိ ကိုရှိုင်းအောင်ထွန်းသည် အိမ်မှ အလုပ်သို့ သွားစဉ် ပျောက်ဆုံးသွားခဲ့ရာ တစ်လ ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း ၎င်း၏အစ်မဖြစ်သူက ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ် ပြောကြားထားသည်။