ပထဝီနိုင်ငံရေးအပြောင်းအလဲနှင့် ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခံရမှုကြောင့် တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်ဆင်ရေးကြီးများ ဖော်ဆောင်ရန်နှင့် နေပြည်တော်အထိ ထိုးစစ်ဆင်ရန် ဗျူဟာမြောက် စိန်ခေါ်မှုသစ်များနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြလာသည်။
လက်ရှိမြန်မာ့မြေပြင် စစ်ရေးအခင်းအကျင်းတွင် လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်း (Logistics) များ ပိုမိုကျပ်တည်းလာနေသည့်အတွက် ယခင်ကကဲ့သို့ ၁၀၂၇ ကဲ့သို့ အရှိန်အဟုန်မြှင့် စစ်ဆင်ရေးကြီးမျိုးများကို ဆက်တိုက်ဖော်ဆောင်ရန် မဟာဗျူဟာကျကျ အခက်အခဲ ရှိလာနေခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
တစ်ဖက်တွင်လည်း စစ်အုပ်စုဘက်က ကြိုတင်သတ်မှတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး ရက် ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင် (EROs) ၁၀ ဖွဲ့ထက်မနည်း ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာနိုင်သော်လည်း၊ အဓိက အဟန့်အတားမှာ အပြန်အလှန် ယုံကြည်မှု လုံးဝမရှိခြင်း (Trust Deficit) ပင်ဖြစ်သည်ဟု ဆိုသည်။
အထူးသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလွဲ၍ မြောက်ပိုင်းအဖွဲ့များသည် တရုတ်နိုင်ငံ၏ လုံခြုံရေးအာမခံသူ (Security Guarantor) ကဏ္ဍနှင့် ဖိအားပေးမှုကြောင့်သာ ဆွေးနွေးပွဲသို့ လာရောက်ရဖွယ်ရှိနေပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ၂၀၁၀ ပြည့်နှစ်ကထက် ပိုမိုရှုပ်ထွေးခက်ခဲနေကြောင်း ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပြောကြားသည်။
၎င်းက လက်ရှိမြန်မာ့ပဋိပက္ခအတွင်း စစ်မီးကို ရေရှည်တောက်လောင်အောင် တွန်းပို့နေသည့် အခြေခံအကြောင်းအရင်းနှင့် ပတ်သက်၍လည်း MPA မှတစ်ဆင့် ထောက်ပြပြောဆိုမှုများ ပြုလုပ်လာသည်။
“ကျားဖြန့် အွန်လိုင်းငွေလိမ်မှု၊ မူးယစ်ဆေး၊ သစ်နဲ့ သတ္တုမှောင်ခို တူးဖော်မှုတွေကနေ ဖြစ်တည်လာတဲ့ ပဋိပက္ခ စီးပွားရေး(Conflict Economy) ဟာ ဘေးထွက်ဆိုးကျိုး မဟုတ်တော့ဘဲ စစ်မီးကို ရေရှည်တောက်လောင်အောင် ပြန်လည်မောင်းနှင်နေတဲ့ နတ်ဆိုးတစ်ကောင်လို ရှင်သန်ကြီးထွားနေတာ ဖြစ်ပါတယ်” ဟု အဆိုပါနိုင်ငံရေး/စစ်ရေးလေ့လာစောင့်ကြည့်သူက ပြောသည်။
အာဆီယံအတွင်း၌လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု ၎င်းက ဆိုသည်။
မလေးရှားနိုင်ငံသည် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကြောင့် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းနေသကဲ့သို့၊ စင်္ကာပူကလည်း တနင်္သာရီတိုင်း၌ ဓာတ်ငွေ့သိုက်သစ်တူးရန် ပြင်ဆင်နေပြီး အင်ဒိုနီးရှားကလည်း အာချေးဒေသ ငြိမ်းချမ်းရေးပုံစံဖြင့် နားချရန် စစ်ဘက်အရာရှိဟောင်းများကို စေလွှတ်နေကြောင်း ၎င်းက ထောက်ပြသည်။
အလားတူ ကီလိုမီတာ ၂၄၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေပြီး စစ်မီးပွား၊ ဒုက္ခသည်နှင့် နိုင်ငံစုံရာဇဝတ်ဂိုဏ်းများ၏ ဝန်ထုပ်ဝန်ပိုးကို တိုက်ရိုက်ခံနေရသည့် ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူအဖြစ် သံတမန်ရေးရာ အောင်မြင်မှုရရန် ကြိုးပမ်းနေသည်ဟုလည်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။
မြေပြင် ထောက်ပို့လမ်းကြောင်း အခက်အခဲများနှင့် စစ်ရေးဗျူဟာ အပြောင်းအလဲအပေါ် အာဆီယံအရေး ကျွမ်းကျင်သူတစ်ဦးက “မြန်မာ့မြေပြင် စစ်ရေးအခင်းအကျင်းမှာ ပထဝီနိုင်ငံရေး ကစားကွက် အပြောင်းအလဲတွေကြောင့် တော်လှန်ရေးအဖွဲ့တွေအတွက် လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်းတွေ ပိုမိုကျပ်တည်းလာနေပြီး ၁၀၂၇ လို စစ်ဆင်ရေးကြီးမျိုးတွေအပြင် နေပြည်တော်ကို ထိုးစစ်ဆင်နိုင်ဖို့အထိ ရည်မှန်းချက်တွေဟာ မြေပြင် Logistics အခက်အခဲတွေကြောင့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပထဝီနိုင်ငံရေးနှင့် လက်နက်ခဲယမ်း Logistics အပြောင်းအလဲများကြောင့် ရှေ့တန်းစစ်ပွဲများ၏ အရှိန်အဟုန်သည် စစ်ဆင်ရေးကြီးများမှ ပြောက်ကျားစစ်ဗျူဟာဘက်သို့ ပိုမိုဦးတည်လာနိုင်ပြီး၊ မြေပြင်ပဋိပက္ခများ လျော့ကျလာနိုင်မည့် အခင်းအကျင်းကို သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများအနေဖြင့် မဟာဗျူဟာကျကျ မည်သို့အသုံးချသွားမည်နည်းဆိုသည်မှာ စောင့်ကြည့်ရမည့် အလှည့်အပြောင်း ဖြစ်လာနေသည်ဟု သုံးသပ်နေကြသည်။
