ဒေါ်အောင်ဆန်းစုကြည်ကို ပြသမှ စစ်ကော်မရှင်နှင့် ဆက်ဆံရေး အလုပ်ဖြစ်မည်ဟု အာဆီယံကို APHR သတိပေး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ကို ပြသမှ စစ်ကော်မရှင်နှင့် ဆက်ဆံရေး အလုပ်ဖြစ်မည်ဖြစ်ကြောင်း အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က အာဆီယံဥက္ကဌတာဝန်ယူထားသည့် ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကိုစ့်(ဂျူနီယာ)နှင့် တီမောလက်စတေသမ္မတ ဂျိုဆေး ရာမိုစ့်ဟော့တာထံ ယနေ့(ဇူလိုင် ၂၀ရက်)တွင် အရေးပေါ်စာတစ်စောင် ပေးပို့တောင်းဆိုခဲ့သည်။

မနီလာမြို့တွင် ကျင်းပနေသည့် (၅၉) ကြိမ်မြောက် ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများ စုဝေးရောက်ရှိနေချိန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရေးအတွက် အဆိုပါခေါင်းဆောင်နှစ်ဦးအား ဖိအားပေးဆောင်ရွက်ရန် APHR က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါစာတွင် စစ်ကော်မရှင်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်မီ ဒေါ်အောင်ဆန်းစုကြည်အား မိသားစုဝင်များ၊ ဥပဒေအကြံပေးများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် လွတ်လပ်စွာတွေ့ဆုံခွင့်ရရှိရေးကို မဖြစ်မနေ အခြေအနေတစ်ခုအဖြစ် သတ်မှတ်ရန် သမ္မတ မားကို့စ်အား တောင်းဆိုထားသည်။

ထို့အပြင် ယခုနှစ်အတွင်း မင်းအောင်လှိုင်အား ဒေသတွင်း ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အာဏာဖြင့် တရားစွဲဆိုမှု ပြုလုပ်ခဲ့သည့် တီမောလက်စတေအစိုးရအနေဖြင့်လည်း မင်းအောင်လှိုင်ကို ASEAN အဖွဲ့ဝင်နိုင်ငံများက ထိရောက်စွာ အရေးယူဆောင်ရွက်လာစေရေး ဖိအားပေးရန် သမ္မတ ရာမို့စ်ဟော့တာအား တိုက်တွန်းထားသည်။

ယနေ့ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြားဖြတ်အစည်းအဝေးတွင် ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ရာ၊ ယခုအသနားခံစာသည် ယခုတစ်ပတ်၏ အစည်းအဝေးအစီအစဉ်များနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း APHR က ထောက်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ ဝေဖန်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဇူလိုင် ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အာဆီယံ အထူးကိုယ်စားလှယ်၏ ကြေညာချက်ကို APHR က သတိပြုမိပြီး၊ အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံအတွက် ASEAN ၏ အဓိကလမ်းညွှန်ချက်မှာ ဘုံသဘောတူညီချက် (၅) ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုထားသည်။

သို့သော်လည်း စာသားအရ ထပ်လောင်းကတိပြုခြင်းသည် ဘုံသဘောတူညီချက် (၅) ရပ်အရ ရရှိသင့်သည့် တိုင်းတာနိုင်သော ရလဒ်များအတွက် အစားထိုးနိုင်မည်မဟုတ်ကြောင်း APHR က အလေးပေးပြောကြားလိုက်သည်။

ထိုရလဒ်များထဲတွင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိပြီး လုံခြုံမှုရှိကြောင်း သက်သေပြနိုင်ရေးလည်း ပါဝင်သည်။ နိုင်ငံခြားရေးဝန်ကြီးများ ယခုတစ်ပတ် စုဝေးနေကြချိန်တွင်၊ နေပြည်တော်နှင့် ပြန်လည်ထိတွေ့ဆက်ဆံမှုများသည် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း ရှိ၊မရှိကို ဆုံးဖြတ်နိုင်မည့် လက်တွေ့ကျပြီး အရေးတကြီးလိုအပ်သော စမ်းသပ်မှုတစ်ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်လျက်ရှိကြောင်း သက်သေပြနိုင်ရေးကို အလေးပေးဆောင်ရွက်ရန် ASEAN ဥက္ကဋ္ဌအား APHR က တိုက်တွန်းထားသည်။

ဤကိစ္စရပ်သည် နောက်ထပ် ထိပ်သီးအစည်းအဝေးအထိ ဆိုင်းငံ့ထားရမည့် ကိစ္စမဟုတ်ကြောင်းလည်း APHR က သတိပေးထားသည်။