ဘင်္ဂလားဒေ့ရှ်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ‘ Tiger Lightning-2026’ စတင်

ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် အမေရိကန် ပစိဖိတ်တပ်ဖွဲ့ (USARPAC) တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင် သည့် ‘Exercise Tiger Lightning (TL)-2026’ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၉ ရက်က ဆီးလ်ဟက်တ်မြို့၊ ဂျာလာလာဘတ် စစ်စခန်းရှိ ပါရာကွန်မန်ဒို တပ်မဟာ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Brent T. Christensen နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Md Mainur Rahman အပါအဝင် နှစ်နိုင်ငံမှ အဆင့်မြင့် စစ်ဘက်အရာရှိကြီးများ၊ သံတမန်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ အထူးတပ်ဖွဲ့ဖြစ်သော ‘ပါရာကွန်မန်ဒို တပ်မဟာ’ ၏ ကြီးကြပ်မှုဖြင့် ကျင်းပသည့် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်အထိ ၁၃ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အမေရိကန် ပစိဖိတ်တပ်ဖွဲ့နှင့် အိုရီဂွန် ပြည်နယ်စောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ပါရာကွန်မန်ဒိုတပ်မဟာနှင့် တပ်ဖွဲ့ခွဲအသီးသီးမှ တပ်ဖွဲ့ဝင် ၉၃ ဦး၊ စုစုပေါင်း ၁၈၄ ဦး ပါဝင်လေ့ကျင့်လျက်ရှိသည်။

အခမ်းအနားတွင် အမေရိကန်သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ယခုစစ်ရေးလေ့ကျင့်မှုသည် စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို ပိုမိုခိုင်မာစေရုံမျှမကဘဲ လွတ်လပ်၍ လုံခြုံမှုရှိသော၊ ဖွံ့ဖြိုး တိုးတက်သော အိန္ဒိယ-ပစိဖိတ်ဒေသ ဖြစ်ထွန်းရေးအတွက် နှစ်နိုင်ငံ ရေရှည်ချစ်ကြည်ရေး၊ လေးစား မှုနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့ သည်။

ဘင်္ဂလားဒေ့ရှ် တပ်မတော် စစ်ဦးစီးအရာရှိချုပ်ကလည်း ‘Exercise Tiger Lightning’ သည် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွင် အရေးပါသော မဏ္ဍိုင်တစ်ခုဖြစ်ကြောင်းနှင့် ယခုလေ့ကျင့်မှုမှတစ် ဆင့် နှစ်နိုင်ငံတပ်မတော်၏ စစ်ဆင်ရေးစွမ်းရည်များ တိုးတက်လာပြီး ရေရှည်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ သံရုံးတရားဝင် လူမှုကွန်ရက်အကောင့်တွင် လည်း အမေရိကန်တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်တို့ကြား Tiger Lightning 26 လေ့ ကျင့်မှု စတင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်မှု များသည် အသင့်ပြင်ဆင်ထားရှိမှုကို မြှင့်တင်ပေးသည့်အပြင် နှစ်နိုင်ငံတပ်မတော်ကြား ပူးပေါင်း ဆောင်ရွက်နိုင် စွမ်းကို အားကောင်းစေပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမည့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်မှုများကို ပိုမိုနက်ရှိုင်းခိုင်မာစေကြောင်း ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ကူအညီပေးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံ ကြား တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းနှင့် မဟာဗျူဟာမြောက် ပူးတွဲစစ်ဆင်ရေးစွမ်းရည်များကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။