တော်လှန်ရေးအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်ရန် ကိုရီးယားအခြေစိုက်အဖွဲ့များ သံန္နိဌာန်ပြု

ဓာတ်ပုံ-အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး

တော်လှန်ရေးကို ဆက်လက်အရှိန်မြှင့်တင်လုပ်ဆောင်ရန် တောင်ကိုရီးယားအခြေစိုက် တော်လှန်အဖွဲ့အစည်းများက တညီတညွတ်တည်း ထပ်မံသန္နိဋ္ဌာန်ပြုလိုက်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက စီစဉ်၍ ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်‌သည့် “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၆”ကို ဇူလိုင် ၁၈ ရက်တွင် ချွန်နန်းမြို့၌ ကျင်းပခဲ့ပြီး တော်လှန်ရေးအရှိန်အဟုန် မကျသွားစေရေး ဆက်လက်ကြိုးစားကြရန် တညီတညွတ်တည်း ထပ်မံသန္နိဋ္ဌာန်ပြုခဲ့ကြကြောင်း NUG ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

“နိုင်ငံတကာနဲ့ အာဆီယံကွန်ရက်ကို ချိတ်ဆက်လှုပ်ရှားမှုအပိုင်းတွေ အရှိန်မြှင့်ဖို့ စာတမ်းတင်ပြီး ဆွေးနွေးခဲ့တာရှိပါတယ်။ အဓိကကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Global မြန်မာအဖွဲ့အစည်းတွေ၊ အာဆီယံနိုင်ငံက အဖွဲ့အစည်းတွေနဲ့ အပတ်စဉ် ပုံမှန်တွေ့ဆုံဆွေးနွေးပြီးတော့ အာဆီယံ နဲ့ UN ဘက်ကို တိုက်တွန်းတဲ့ကိစ္စတွေ အားလုံး အသံတစ်ခုတည်းဖြစ်ဖို့ လှုပ်ရှားဆောင်ရွက်မှုတွေ အချိန် ကိုက် အင်အားကောင်းကောင်းနဲ့ ဖော်ဆောင်ဖို့ ညှိနှိုင်းနေတာတွေ ရှိပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း ဒီလှုပ်ရှားမှုတွေကို အခုထက်ပိုပြီး အားကောင်းမောင်းသန်ဖြစ်အောင် သေချာပြင်ဆင် ဆောင် ရွက်နေပါတယ်”ဟု မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေး မှူး ဦးကျော်ဆန်းက MPAသို့ပြောသည်။
အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲတွင် NUGအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း မိန့်ခွန်းပြောကြားခဲ့သည်။

ဒေါ်ဇင်မာအောင်က ယခုအချိန်သည် ယခင်နှင့်မတူသည့် နိုင်ငံရေးစိန်ခေါ်မှုများ ဖြစ်ပေါ်နေချိန် ဖြစ်ကြောင်း၊ တော်လှန်ရေးဘက်တွင် ပိုမိုစုစည်းညီညွတ်သည့် ဦးဆောင်မှုကို တည်ဆောက်နေပြီး ရေရှည်အကျိုးဖြစ်ထွန်းမည့် နိုင်ငံရေးမူဘောင်ကို ဖော်ဆောင်လျက်ရှိကြောင်းနှင့် စစ်ရေး၊ နိုင်ငံရေး ပေါင်းစပ်လုပ်ငန်းတို့ကို SCEF က ကြိုးစားဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။

နိုင်ငံရေးဆွေးနွေးပွဲတွင် NUG ကိုယ်စားလှယ်ရုံးက “လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ အလား အလာနှင့် စိန်ခေါ်ချက်များ”၊ “ရန်ပုံငွေလုပ်ငန်းများနှင့် စပ်လျဥ်း၍ မူတစ်ခုသဘောတူနိုင်ရေး ဆွေး‌ နွေးချက်”၊ GMSR က “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်ပရောက်နိုင်ငံသားများအပေါ် ရိုက်ခတ် လာ နိုင်မှုအခြေအနေ”၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီက “တော်လှန်ရေးအင်အားစုချင်း ပဋိပ က္ခကို လက်နက်နှင့်ဖြေရှင်းမှုအပေါ် သုံးသပ်ခြင်း”၊ MFDMC က “လက်နက်ကိုင် အင်အားစုများ အ ကြား ပဋိပက္ခလျှော့ချရေးနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် အကောင်အထည်ဖော်ရေး”၊ “နိုင်ငံတကာ မဟာမိတ်ကွန်ရက် ချိတ်ဆက်မှု၊ အရှိန်အဟုန် မြှင့်တင်ရေးနှင့် စုပေါင်းအင်အား တည်ဆောက်ခြင်း” နှင့် NLD-OC က “အဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းခြင်းနှင့် စည်းရုံးရေးအစီအစဉ်” ဆိုသည့် စာ တမ်း ၇ စောင် တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲသို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ၊ MFDMC, NLD-OC Korea, CYOSK, GMSR Korea, MRS, We Love Mother Land, ကြောက်ခေတ်ကိုမှောက်ပစ်အဖွဲ့၊ ဂင်မဲနွေဦးတော်လှန်ရေး အဖွဲ့၊ ဒေါင်းညီနောင်ထောက်ပို့၊ ယောဖောင်ဒေးရှင်း၊ မြင်းခြံGZ, ဗိုလ်သံချောင်းထောက်ပို့နှင့် Hope for Freedom အဖွဲ့မှ တာဝန်ခံများ တက်ရောက်ခဲ့သည်။