နိုင်ငံတဝန်း မိုးကြီးနိုင်ဟု သတိပေးထားချိန် လေးကြိမ်မြောက် ရေဘေးတွေ့နေသည့် ဖားကန့်တွင် ရေစကျနေ

ဓာတ်ပုံ - ဖားကန့်ဒေသခံ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေချိန်တွင် ဇူလိုင်လအတွင်း လေးကြိမ်မြောက် ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ရေများ စတင်ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။

မိုးဆက်တိုက်ရွာသွန်းမှုနှင့် ဥရုချောင်းရေမြင့်တက်လာမှုကြောင့် ဖားကန့်မြို့နယ်ရှိ ရပ်ကွက် ရှစ်ခုတွင် ဇူလိုင် ၁၈ ရက်မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ၊ ဇူလိုင် ၁၉ ရက်အထိ အလွန်အမင်း မြင့်တက်ခဲ့သည့် ရေမှတ်မှာ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် စတင်ကျဆင်းလာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သို့သော်လည်း ဥရုချောင်း ကောနေသည့်အတွက် ရေကျနှုန်း လွန်စွာနှေးကွေးနေသဖြင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဆိုသည်။

“ဖားကန့်မြို့ပေါ် ရပ်ကွက်တွေ ရေမြုပ်တယ်။ ဖားကန့်နဲ့ ဆိပ်မူသွားတဲ့ လမ်းတစ်ကြော ၂၄ ဂိတ်မှာ စက်လှေမကူးပေးလို့ ပြည်သူတွေ တော်တော်အခက်အခဲဖြစ်တယ်။ ဥရုချောင်းက ကောနေတဲ့အတွက် ရေကျတာတော့ တော်တော်နှေးပါတယ်။ ရေတွေက တက်လာလိုက် ပြန်ကျသွားလိုက် ဖြစ်နေတော့ အလုပ်တွေလည်း အကုန်ရပ်ထားရတယ်။ မိုးထပ်မရွာဖို့ဘဲ ဆုတောင်းနေရတာပေါ့” ဟု ဖားကန့်မြို့ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။

တစ်ဖက်တွင်လည်း သဘာဝဘေးအန္တရာယ် သတိပေးချက်များ ဆက်တိုက် ထွက်ပေါ်နေကြောင်း မိုးလေဝသခန့်မှန်းချက်ထုတ်ပြန်ပေးသည့်ဌာနများထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOHADM) ၏ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်တွင် ဇူလိုင် ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း မိုးရွာသွန်းမှု ဆက်လက်ရှိနေမည်ဟု အသိပေးထားသည်။

စစ်အုပ်စုလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအချို့မှလွဲ၍ ကချင်၊ စစ်ကိုင်း၊ ရခိုင်၊ ကရင်၊ မွန် စသည့် တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် ဇူလိုင် ၂၈ ရက်အထိ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

ယခု ဇူလိုင်လဆန်းပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေ အားကောင်းနေသဖြင့် မြစ်ချောင်းများ၏ ရေမျက်နှာပြင် မြင့်တက်ကာ လျှပ်တပြက် ရေကြီးမှု၊ မြေပြိုမှုနှင့် လေပြင်းတိုက်ခတ်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သောကြောင့် မြစ်ချောင်းအနီးနှင့် ကမ်းပါးအနီး နေထိုင်သူများ အထူးသတိပြုရန် လိုအပ်သည်ဟုလည်း မိုးဇလက အသိပေးထားသည်။