စစ်ကော်မရှင်အပေါ် အကျိုးဆက်များ ချမှတ်ပြီး လက်တွေ့အလုပ်လုပ်ရန် အာဆီယံကို SCEF တိုက်တွန်း

By MPA

စစ်ကော်မရှင်အပေါ် အကျိုးဆက်များ ချမှတ်ပြီး လက်တွေ့အလုပ်လုပ်ရန် အာဆီယံကို SCEF တိုက်တွန်းထားသည်။

လက်ရှိ မနီလာမြို့တွင် ကျင်းပနေသည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ထံ လိပ်မူ၍ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယခုကျင်းပနေသည့် အစည်းအဝေးသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အာဆီယံ၏ ယုံကြည်စိတ်ချရမှုအတွက်ပါ အလွန်အရေးကြီးသော အချိန်ဖြစ်ကြောင်း SCEF က ထောက်ပြထားသည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ပါဝင်ဖွဲ့စည်းထားသည့် SCEF သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ တရားဝင်မှုနှင့် ထိရောက်သော စိုးမိုးထိန်းချုပ်မှုကို အခိုင်မာဆုံး ရရှိထားသည့်အဖွဲ့အစည်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှု လွယ်ကူချောမွေ့စေရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် တည်ထောင်ထားသည့် မဟာမိတ်အခြေပြု ခေါင်းဆောင်မှုယန္တရားတစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်သည် သ ဘောတူညီထားသည့် ဒေသတွင်းမူဘောင်တစ်ရပ်ဖြစ်ကြောင်း ခိုင်မာစွာ ခံယူဆဲဖြစ်ပြီး မနီလာအစည်းအဝေးသည် ရလဒ်ကို ဦးတည်သော၊ တိုင်းတာနိုင်သော နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်သော ချဉ်းကပ်မှုများမှတစ်ဆင့် ယင်းဘုံသဘောတူညီချက်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် အရေးပါသော အခွင့်အလမ်းဖြစ်ကြောင်း SCEFက ဆိုထားသည်။

ယင်းအပြင် သံတမန်ရေးရာ ကြိုးပမ်းမှုမှန်သမျှသည် မူဝါဒအပေါ် အခြေခံသည့် ထိတွေ့ဆက်ဆံမှု၊ အားလုံးပါဝင်ရေးနှင့် ခိုင်မာသောရလဒ်များအပေါ် အခြေခံရမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ERO များ၊ ဒီမိုကရေစီအင်အားစုများ၊ လူနည်းစုအသိုင်းအဝိုင်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အဓိကပါဝင်ပတ်သက်သူအားလုံး အဓိပ္ပာယ်ရှိရှိ ပါဝင်ရန် လိုအပ်ကြောင်း အလေးပေးဖော်ပြထားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ထိတွေ့ချဉ်းကပ်မှုတွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရန်၊ အကူအညီ လိုအပ်နေသော လူဦးရေအားလုံးထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ထိရောက်စွာ ပေးအပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အပြည့်အဝ၊ ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မြန်မာပြည်သူများပိုင်ဆိုင်သော၊ မြန်မာပြည်သူများဦးဆောင်သော ဖြေရှင်းချက်များဟူသည့် မူနှင့်အညီ သက်ဆိုင်ရာပါဝင်ပတ်သက်သူအားလုံး၏ ပါဝင်မှုဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ထွန်းတိုးတက်မှုအတွက် သင့်လျော်သော ဒေသတွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်း ယန္တရားများဖြင့် ပံ့ပိုးရန် SCEF က တောင်းဆိုထားသည်။

မြန်မာပြည်သူများသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ တို့ကို အပြန်အလှန် အားဖြည့်ပေးသည့် မူဘောင်များအဖြစ် လက်တွေ့ကျကျ လုပ်ဆောင်ရန် အာဆီယံကို မျှော်လင့်နေကြကြောင်း၊ ဤမူဘောင်များကို ပြည်သူများအတွက် အဓိပ္ပာယ်ရှိသော တိုးတက်မှုများနှင့် စစ်ကော်မရှင်အပေါ် စစ်မှန်သောဖိအားများအဖြစ် ပြောင်းလဲရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သဘောတူညီချက်ကို လိုက်နာရန် ဆက်လက်ပျက်ကွက်နေသည့် စစ်ကော်မရှင်အပေါ် အဆင့်မြင့်အရာရှိများကို ထိတွေ့ဆက်ဆံမှု တားမြစ်ထားသည့် အာဆီယံ၏ ပိတ်ပင်တားဆီးမှုကို ပြန်လည်စတင်ခြင်းအပါအဝင် တဖြည်းဖြည်း တိုးမြှင့်လာမည့် အကျိုးဆက်များနှင့် ထိုက်တန်ကြောင်းလည်း SCEF ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အထူးသဖြင့် မြန်မာပြည်သူများသည် စစ်ကော်မရှင်၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ လူသားချင်းစာနာမှုအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အာမခံနိုင်သည့် နိုင်ငံရေးဖြေရှင်းချက်ဆီသို့ ရောက်ရှိစေမည့် လက်တွေ့ကျသော တိုးတက်မှုများကို ရှာဖွေနေကြကြောင်း၊ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် အာဆီယံအနေဖြင့် ၎င်း၏ စုပေါင်းခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှု၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ရေရှည်တည်တံ့သော ကတိကဝတ်များအပြင် မြန်မာပြည်သူများ၏ စစ်မှန်သော ဒီမိုကရေစီဆန္ဒနှင့် မျှော်လင့်ချက်များအပေါ် ကတိကဝတ်ကို ပြန်လည်အတည်ပြုရန် အရေးကြီးသောအခွင့်အရေးတစ်ခုဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။