Godzilla vs Kong ရုပ်ရှင်တွင် လက်သင်္ကေတပြ စကားပြောဆိုပြီး နားမကြားသော ကလေးအဖြစ် ဂျီယာ (Jia) ကာရိုက်တာဖြင့် လူသိများထင်ရှားသည့် လူငယ်သရုပ်ဆောင် Kaylee Hottle သည် ကားမတော်တဆမှုတစ်ခုကြောင့် ယနေ့(ဇူလိုင် ၂၁ရက်)တွင် ကွယ်လွန်သွားပြီဖြစ်သည်။
၎င်းသည် အမေရိကန်နိုင်ငံ ၊ မေရီလန်းပြည်နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် (၁၈) နှစ်သာ ရှိသေးသည်။
မေရီလန်းပြည်နယ်တွင် ကားတိုက်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် သတင်းကြားသိရချိန်တွင် တက္ကဆီပြည်နယ်၌ ရောက်ရှိနေသည့် Kaylee Hottle ၏ဖခင်ဖြစ်သူ Joshua Hottleက မျက်ရည်ကျလျက် Facebook လူမှုကွန်ရက်မှတစ်ဆင့် အမေရိကန် လက်သင်္ကေတပြဘာသာစကား) ဖြင့် Live လွှင့်ကာ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ဖခင်ဖြစ်သူက တက္ကဆီပြည်နယ်တွင် ရှိနေစဉ် အာဏာပိုင်များထံမှ မတော်တဆမှုဖြစ်ပွားကြောင်း ဖုန်းခေါ်ဆိုမှု ရရှိခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်စဉ် သမီးဖြစ်သူ၏ နှလုံးခုန်ရပ်သွားပြီဖြစ်ကြောင်း အသိပေးသည့် နောက်ဆက်တွဲဖုန်းခေါ်ဆိုမှုကို ထပ်မံလက်ခံရရှိခဲ့ကြောင်း လက်သင်္ကေတပြ ပြောပြခဲ့သည်။
Kaylee Hottle သည် ၂၀၂၁ ခုနှစ်တွင် ထွက်ရှိခဲ့သော Godzilla vs. Kong ရုပ်ရှင်၌ Skull Island ကျွန်းတွင် နေထိုင်ကာ Rebecca Hall ပါဝင်သည့် Dr. Ilene Andrews တို့နှင့်အတူ ကွန်ဂိုနှင့် လက်သင်္ကေတပြ ဆက်သွယ်ပြောဆိုသည့် ဆယ်ကျော်သက် ကောင်မလေး Jia အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Godzilla X Kong: The New Empire ရုပ်ရှင်တွင်လည်း အဆိုပါဇာတ်ရုပ်ဖြင့်ပင် ပြန်လည်ပါဝင် သရုပ်ဆောင်ခဲ့သည်။
