ထိုင်းနိုင်ငံ၊ နာရာသီဝပ်ခရိုင်၊ တန်ယုံရဲစခန်းဟောင်း အပြင်ဘက်တွင် သံသယရှိသူတစ်ဦးက ကားဗုံးဖောက်ခွဲခဲ့သည့် ရဲတင်းသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ သံသယရှိသူသည် ပေါက်ကွဲစေတတ်သောပစ္စည်းများ တင်ဆောင်ထားသည့်ကားကို ရဲစခန်းအတွင်းသို့ တွန်းပို့ခဲ့ပြီး ပြင်းထန်သောမီးတောက်များ ထွက်ပေါ်ကာ ယာဉ်မှာ လုံးဝမီးလောင်ပျက်စီးသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ တစ်စုံတစ်ရာ မရှိခဲ့ပေ။
အဆိုပါဖြစ်စဉ်သည် ယနေ့( ဇူလိုင်လ ၂၁ ရက်) ည ၇နာရီ မိနစ် ၂၀ခန့်တွင် နာရာသီဝပ်ခရိုင်၊ Mueang District ၊ Kaluao Nuea ကျေးရွာအုပ်စု၊ အမှတ် (၄)၊ Phra Tamnak Thaksin Ratchaniwetနန်းတော်ဝင်ပေါက်အနီးတွင် တည်ရှိသည့် တန်ယုံရဲစခန်းဟောင်း၌ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း တန်ယုံရဲစခန်းမှူး ရဲမှူးကြီး ဂျာရူကစ် သြရီဒက်က သတင်းရရှိခဲ့သဖြင့် ရဲနှင့်စစ်တပ် ပူးပေါင်းတပ်ဖွဲ့များကို ချက်ချင်းစေလွှတ်ကာ သွားရောက်စစ်ဆေးစေခဲ့သည်။
တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးချက်အရ Toyota Soluna အမျိုးအစား ကားတစ်စီးမှာ အဆောက်အအုံဘက်သို့ ရှေ့ခေါင်းစိုက်လျက် မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိခဲ့ရသည်။
၎င်းတို့သည် ကလူအိုနွီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့၏ ကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ချက်ချင်းညှိနှိုင်းကာ မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်ခဲ့ရာ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော်လည်း ပေါက်ကွဲမှုကြောင့် လမ်းဘေးရှိ အုတ်တံတိုင်းမှာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းအစအနများနှင့် ကားအပိုင်းအစများမှာ လမ်းပေါ်တွင် ပြန့်ကြဲကုန်ရာ တာဝန်ရှိသူများက သက်သေအဖြစ် ကောက်ယူသိမ်းဆည်းခဲ့ကြသည်။
ယင်းနောက် ဒေသအမှတ် (၉) ရဲတပ်ဖွဲ့မှူး ရဲဒုတိယဗိုလ်ချုပ်ကြီး ပီယာဝပ် ချာလမ်စရီ ၊ နာရာသီဝပ်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် ပရာယောင်း ကိုဆာခါနှင့် နာရာသီဝပ်ခရိုင် ရဲတပ်ဖွဲ့၏ ဗုံးဖျက်သိမ်းရေး (EOD) အဖွဲ့တို့ ရောက်ရှိလာပြီး ပဏာမ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
စစ်ဆေးချက်အရ မီးလောင်မှုကြောင့် ပစ်ကပ်ကား တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး အဆောက်အအုံ၏ အစိတ်အပိုင်းအချို့လည်း ဗုံးစထိမှန် ပျက်စီးခဲ့သည်ကို တွေ့ရှိရသည်။
တာဝန်ရှိသူများသည် နံနက်ပိုင်းတွင် အသေးစိတ် ထပ်မံစစ်ဆေးရန်အတွက် အဆိုပါနေရာကို လုံခြုံရေး တားဆီးပိတ်ဆို့ထားခဲ့သည်။
စုံစမ်းစစ်ဆေးချက်များအရ သံသယရှိသူတစ်ဦးသည် ကက်ဘိန်းအတွင်း၌ ပမာဏအတိအကျ မသိရသေးသော ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ တင်ဆောင်ထားသည့် Toyota Soluna ဆီဒန်ကားကို မောင်းနှင်လာခဲ့ပြီး ပစ်မှတ်သို့ ရောက်ရှိသောအခါ ကားကို ရဲစခန်းထဲသို့ တွန်းပို့ကာ အနီးတွင် စောင့်ဆိုင်းနေသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်နောက်မှ ထိုင်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဗုံးပေါက်ကွဲခဲ့ရာ ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။
အဆိုပါ တိုက်ခိုက်မှုကို နယ်မြေအတွင်း မငြိမ်မသက်မှုများနှင့် ရှုပ်ထွေးမှုများ ဖန်တီးရန် ရည်ရွယ်သည့် လက်နက်ကိုင်အဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ယုံကြည်လျက်ရှိသည်။
