ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပနေသည့် (၅၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှ မြန်မာ့အရေးနှင့် ပတ်သက်၍ ထွက်ပေါ်လာသော ထုတ်ပြန်ချက်သည် ယခင်နှစ်များကအတိုင်း ဘုံသဘောတူညီချက် (၅) ရပ်ကိုသာ ပြန်လည်တိုက်တွန်းထားပြီး လက်တွေ့အပြောင်းအလဲအတွက် ထိရောက်မှုမရှိဘဲ ဖန်တလဲလဲ ထပ်နေသည့် သံတမန်ရေးရာ စာသားများသာ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။
အဆိုပါ (၅၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) နှင့် ဆက်စပ်အစည်းအဝေးများတွင် ဒေသတွင်း ပေါင်းစည်းရေး၊ ဉာဏတုပစ္စည်း (AI) နှင့် ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်ခံ့မှု၊ ဒစ်ဂျစ်တယ်နှင့် စိမ်းလန်းသော စီးပွားရေး အစရှိသည့် ကဏ္ဍသစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသော်လည်း အဓိက အကျပ်အတည်းဖြစ်နေသည့် မြန်မာ့အရေးနှင့် ပတ်သက်လာသောအခါ ယခင်မူဟောင်းအတိုင်းသာ ဆက်လက်ရပ်တည်ခဲ့ကြသည်။
အာဆီယံ ဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး အကြမ်းဖက်မှုများ အမြန်ဆုံးနှင့် အပြီးအပိုင် ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဘေးကင်းလုံခြုံစွာနှင့် အတားအဆီးမရှိ ပို့ဆောင်ပေးရေး စသည့် အချက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းထားကြောင်း ဖော်ပြပါရှိသည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ တစ်နေ့တခြား ပိုမိုပြင်းထန်လာပြီး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနေရချိန်တွင် အာဆီယံဘက်က တိကျသေချာသည့် အရေးယူဆောင်ရွက်မှု သို့မဟုတ် လက်တွေ့ကျသော ဖိအားပေးမှုများကို ချမှတ်နိုင်ခြင်းမရှိဘဲ ယခင်အတိုင်း စာရွက်ပေါ်တွင်သာ တိုက်တွန်းချက်များ ထပ်လုပ်နေခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်နေခြင်း ဖြစ်သည်။
“အာဆီယံရဲ့ လက်ရှိထုတ်ပြန်ချက်တွေက ဖန်တလဲလဲ ထပ်နေတဲ့ ပုံစံမျိုးနဲ့ ဘာမှထူးခြားလာတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေက တစ်နေ့တခြား ပိုမိုဆိုးရွားလာနေချိန်မှာ အာဆီယံဘက်က ဘုံသဘောတူညီချက် (၅) ရပ်ကိုပဲ အမြဲတမ်း ပြန်ရွတ်ပြနေတာဟာ လက်တွေ့မြေပြင်အခြေအနေကို ဘယ်လိုမှ အထောက်အကူမပြုနိုင်ပါဘူး။ တကယ်လို့ အာဆီယံအနေနဲ့ ဒီ့ထက်ပိုပြီး တိကျတဲ့ အလုပ်ဖြစ်မယ့် အစီအမံတွေ၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်ဘူးဆိုရင် ဒီအစည်းအဝေးတွေနဲ့ ထုတ်ပြန်ချက်တွေဟာ သံတမန်ရေးအရ အချိန်ဆွဲတာနဲ့ ကာဗာယူတာသက်သက်သာ ဖြစ်သွားပါလိမ့်မယ်။”ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။
အထူးသဖြင့် မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်တစ်ခုကို ရရှိစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိက သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အရေးကြီးကြောင်းကိုသာ အာဆီယံက အလေးပေးပြောကြားခဲ့ပြီး၊ လက်တွေ့မြေပြင်တွင် စစ်ကော်မရှင်ဘက်က ယင်းတိုက်တွန်းချက်များကို လိုက်နာရန် ပျက်ကွက်နေမှုကို တားဆီးနိုင်စွမ်း မရှိသေးပေ။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပပြီးစီးခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ မြန်မာ့အရေး ဆုံးဖြတ်ချက်နှင့် ထုတ်ပြန်ချက်များသည် ပြည်သူလူထု လိုလားတောင့်တနေသည့် လက်တွေ့ကျသော ငြိမ်းချမ်းရေး အပြောင်းအလဲများကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးဘဲ ယခင်အတိုင်း စကားလုံးသက်သက်ဖြင့်သာ ပြီးဆုံးသွားသည့် လုပ်ဆောင်ချက်တစ်ခုအဖြစ်သာ ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူက ထောက်ပြသည်။
