အပစ်အခတ်ရပ်စဲရေး မူဘောင်များကို မပြင်ဆင်ပါက မြန်မာနိုင်ငံ စစ်အာဏာရှင်သံသရာထဲ နက်ရှိုင်းစွာ ဆက်ကျမည်ဟု ISP သတိပေး

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဘောင်များကို အခြေခံကျကျ ပြန်လည်မပြင်ဆင်နိုင်ပါက မြန်မာနိုင်ငံအနေဖြင့် စစ်တပ်ဦးဆောင်သည့် အာဏာရှင်စနစ်၏ အဆိုးကျော့သံသရာထဲသို့ နက်နက်ရှိုင်းရှိုင်း ရောက်သွားနိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီစနစ်ကို ဦးတည်မည့် အခွင့်အလမ်းများကို ထပ်မံလက်လွှတ်ရမည့်ဘေးနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ISP-Myanmar က ယနေ့ထုတ်ပြန်သည့် တဖွဲ့ချင်းနှင့်အပစ်ရပ်ရေးဆန်းစစ်ချက်၊ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ စာတမ်းတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှ ၂၀၂၆ ခုနှစ် မတ်လအထိ ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အခင်းအကျင်းတွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို သီအိုရီမူဘောင်များနှင့် အခန်း (၄) ခန်းခွဲ၍ စနစ်တကျ ဆန်းစစ်ထားသည်။

လက်ရှိ စစ်ကော်မရှင်သည် ရွေးချယ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တဖွဲ့ချင်းအပစ်ရပ်ရေးဗျူဟာကို ကျင့်သုံးခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မူဘောင်မှ စနစ်တကျ သွေဖည်ခဲ့ကြောင်း ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အစီအမံများသည် နိုင်ငံရေးဆိုင်ရာ အနှစ်သာရ ကင်းမဲ့နေသလို အင်အားစု အစုံအလင် ပါဝင်နိုင်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းရေး သို့မဟုတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ဦးတည်သော အသွင်ကူးပြောင်းမှုအဖြစ် မှတ်ယူ၍မရနိုင်ကြောင်း၊ ယင်းအစား ပဋိပက္ခစီမံခန့်ခွဲရေး၊ အတိုက်အခံအုပ်စုများ အကွဲကွဲအပြားပြား ဖြစ်စေရေးနှင့် စစ်အုပ်ချုပ်မှု ခိုင်မာစေရေးတို့အတွက် တဖွဲ့ချင်းအပစ်ရပ်ရေးကို မြန်မာစစ်တပ်က လက်နက်သဖွယ် အသုံးချနေခြင်းသာ ဖြစ်ကြောင်း သုံးသပ်ထားသည်။

ထို့ပြင် အဆိုပါ ဆန်းစစ်ချက်တွင် Horowitz ၏ သွေးခွဲအုပ်ချုပ်ခြင်းသီအိုရီ၊ Darby နှင့် Mac Ginty တို့၏ အင်အားစုအားလုံး ပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မိုဒယ်၊ Zartman ၏ ပဋိပက္ခရင့်မှည့်ခြင်း သီအိုရီနှင့် Mampilly ၏ Rebel Governance စသည့် သီအိုရီမူဘောင်များကို အခြေခံကာ တဖွဲ့ချင်းသဘောတူညီချက်များက NCA ၏ အခြေခံအုတ်မြစ်များကို အစားထိုးလာပုံ၊ သွေးခွဲအုပ်ချုပ်ရေးနည်းဗျူဟာများ၊ အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍနှင့် EAO များ၏ အုပ်ချုပ်ရေးဆိုင်ရာ အမူအကျင့်များ ပြောင်းလဲလာပုံတို့ကို အသေးစိတ် တင်ပြထားသည်။

ယင်းအပြင် အာဏာသိမ်းမှုအလွန် အပစ်အခတ်ရပ်စဲရေးများသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အားမပေးဘဲ ပဋိပက္ခကို ထိန်းချုပ်ရန်၊ အတိုက်အခံအင်အားစုများကို သိမ်းသွင်းရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုကို အချိန်ဆွဲကြန့်ကြာစေရန်အတွက် စီမံထားသည့် ဗျူဟာမြောက် ကိရိယာတစ်ခုအဖြစ်သာ တည်ရှိနေကြောင်း၊ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဘောင်များကို အခြေခံကျကျ ပြန်လည်မပြင်ဆင်နိုင်ပါက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည့်အရေးကို အဆိုပါ သုတေသနစာတမ်းက အလေးပေး သတိပေးတိုက်တွန်းထားသည်။