စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကြံသာရွာကို စစ်တပ်က ပြန်သိမ်းပြီးနောက် ကလေး – ဂန့်ဂေါလမ်းမကြီးကို ထိန်းချုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
စက်တင်ဘာ ၂၀ ရက်က ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာကို စစ်တပ်က ပြန်သိမ်းသွားပြီး နောက် စက်တင်ဘာ ၂၁ရက်မှ ၂၄ရက်အထိ ၄ရက်အတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ကလေး ( ဒကစ – ကလေး ) မှ Mi 17 ရဟတ်ယာဉ်ဖြင့် လူ၊ လက်နက်ခဲယမ်းနှင့်၊ ရိက္ခာများကို ၄ကြိမ် ဖြည့်တင်းခဲ့ကြောင်း သိရသည်။
” ကလေး – ဂန့်ဂေါလမ်းမကြီးကို အမြန်ဆုံးဖွင့်ချင်နေတယ်လို့ သတင်းရထားတယ်။ ဒီလမ်းမကြီး ဘေးမှာက အိမ်ခြေ ၁၅၀၀ ကနေ ၂၀၀၀ လောက်အထိ ရှိတဲ့ ရွာကြီးတွေချည်းပဲ။ ဒီရွာတွေကို ထိန်းနိုင်မှ ကလေး – ဂန့်ဂေါလမ်းမကြီးကို သူတို့ထိန်းချုပ်နိုင်မယ်။ သူတို့က ကြံသာကနေစပြီး ကလေးနယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးမယ်လို့ သိရပါတယ် ” ဟု ကလေးခရိုင်ပကဖ၊ ဒရုန်းတာဝန်ခံက MPA ကို ပြောသည်။
ကြံသာရွာတွင် စစ်သားအင်အား ၂၀၀ ဝန်းကျင်ရောက်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
” ကျနော်တို့ တော်လှန်ရေးတပ်တွေဘက်ကလည်း ကာကင်းတွေကအစ စစ်ဆင်ရေးကိစ္စတွေအဆုံး အကုန်လုံးပြင်ဆင်ထားပါတယ်။ လာရင် လာသလို အကောင်းဆုံးကာကွယ်ဖို့တော့ အဆင်သင့်ရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရော၊ ကာကွယ်ရေးအဖွဲ့ ပကဖတွေရော စုပေါင်းပြီး ကာကွယ်ဖို့ လုပ်ထားကြပါတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
ကြံသာရွာသည် စစ်ကိုင်းတိုင်း၏ အစွန်ဆုံးရွာဖြစ်ပြီး ကလေး – ဂန့်ဂေါကားလမ်းမပေါ်တွင် တည်ရှိကာ စစ်ရေးအရ အရေးပါကြောင်း
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးရွာကြီးများဖြစ်သည့် ဟံသာဝတီပျူရွာ၊ မြောက်ခင်ရန်းပျူရွာတို့နှင့်လည်း နယ်မြေဆက်စပ်နေကြောင်း သိရသည်။
ကြံသာရွာကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် ၅လကျော်အကြာတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုအား တုံ့ပြန်ရန် လက်နက်ခဲယမ်း မလုံလောက်သဖြင့် ပြန်လည်လက်လွှတ်ပေးခဲ့ရခြင်းဖြစ်သည်။
