ဒိန်းမတ်နိုင်ငံမြောက်ပိုင်းရှိ Aalborg လေဆိပ်တွင် ခွင့်ပြုချက်မရှိဘဲ ဒရုန်းများတွေ့ရှိခဲ့ပြီးနောက် ပိတ်ပင်ခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
ထို့ပြင် နိုင်ငံတောင်ပိုင်းရှိ လေဆိပ်ငယ်သုံးခုဖြစ်သည့် Esbjerg, Sønderborg, နှင့် Skrydstrup တို့တွင်လည်း ဒရုန်းကျူးကျော်မှုများကိုတွေ့ရှိခဲ့သည်။
ယခုအပတ် အစောပိုင်းက ကိုပင်ဟေဂင်လေဆိပ်သို့ ဒရုန်းကျူးကျော်မှုဖြစ်ပွားပြီးနောက် ယခုဖြစ်ရပ်ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒိန်းမတ်ဝန်ကြီးချုပ်က “ဒိန်းမတ် အခြေခ့အဆောက်အအုံကို ပစ်မှတ်ထားတဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှု” ဟု ဆိုခဲ့သည်။
ဒရုန်းများကို မည်သူက ထိန်းချုပ်ထားသည်နှင့် ရည်ရွယ်ချက်ကို စုံစမ်းမှုများပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ သို့သော် ဒရုန်းအရေအတွက် မည်မျှဆိုသည်ကို အသေးစိတ်ပြောကြားမှုမရှိသေးပေ။
ယခုကဲ့သို့ ဒရုန်းများ ဝင်ရောက်ခဲ့မှုကြောင့် Aalborg လေဆိပ်မှ အနည်းဆုံး လေကြောင်းခရီးစဉ် သုံးခုကို လမ်းကြောင်းပြောင်းခဲ့ရသည်။ ယင်းလေဆိပ်သည် စစ်ဘက် အခြေစိုက်စခန်းအဖြစ်ပါ အသုံးပြုထားသည့် နေရာလည်းဖြစ်သည်။
ရဲမှူးချုပ် Jesper Bøjgaard Madsen က “အခွင့်အရေးရရင် ဒရုန်းတွေကို ဖမ်းဆီးပစ်ချသွားမှာပါ” ဟု ပြောသည်။
ရဲတပ်ဖွဲ့က လေဆိပ်ရှိ ခရီးသည်များနှင့် ဒေသခံများကို အန္တရာယ်တစ်စုံတစ်ရာ မရှိဟု ပြောကြားခဲ့သော်လည်း အများပြည်သူကို လေဆိပ်နှင့် ဝေးဝေးနေရန် တောင်းဆိုခဲ့သည်။
Esbjerg, Sønderborg, နှင့် Skrydstrup တို့ရှိ ဒရုန်းသတင်းများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က “အခြေအနေကို အလေးအနက်ထား စဉ်းစားနေတယ်” ဟု သာပြောကြားခဲ့ပြီး အသေးစိတ်ဖြေကြားမှုမရှိခဲ့ပေ။
ပြီးခဲ့သည့် တနင်္လာနေ့က ကိုပင်ဟေဂင်ရှိ Kastrup လေဆိပ်တွင် ဒရုန်းအများအပြား တွေ့ရှိရပြီးနောက် လေဆိပ်ကို နာရီပေါင်းများစွာ ပိတ်ခဲ့ရသည်။
ဝန်ကြီးချုပ် က “ဒါဟာ ကျမတို့ နေထိုင်နေရတဲ့ ခေတ်ကာလအကြောင်းနဲ့ လူ့အဖွဲ့အစည်းအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်ထားရမယ့်အရာတွေအကြောင်းကို ပြောပြနေတာပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှား ပါဝင်ပတ်သက်မှုကို ပယ်ချ၍မရကြောင်း ၎င်းက ထပ်လောင်းပြောခဲ့သော်လည်း ခရမ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ထိုစွပ်စွဲချက်များကို “အခြေအမြစ်မရှိ” ဟု ပြောခြ့သည်။
ပြီးခဲ့သည့် အပတ်က အက်စတိုးနီးယားနှင့် ပိုလန်နိုင်ငံတို့တွင် ရုရှားက လေပိုင်နက်ကျူးကျော်မှုပြုလုပ်ခဲ့သေးသည်။
အခြားနေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရိုမေးနီးယားကလည်း ရုရှားဒရုန်းများသည် ၎င်း၏လေပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရုရှားက အက်စတိုးနီးယား၏ လေပိုင်နက်ကို ချိုးဖောက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ပိုလန်၏ ကျူးကျော်မှုမှာ မတော်တဆဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ရိုမေးနီးယားဖြစ်ရပ်နှင့် ပတ်သက်၍မူ မှတ်ချက်မပေးခဲ့ပါ။
