တော်လှန်ရေးတပ်များအနေနှင့် ဗုံးသီးကြဲချသည့် ဒရုန်းအဆင့်မှ တာဝေးအသေခံတိုက်ခိုက်ရေး ဒရုန်းအဆင့်အထိ တက်လှမ်းနိုင်လျှင် လေယာဉ်ကွင်းများကို ကောင်းကောင်း ဒုက္ခပေးနိုင်မှာဖြစ် ကြောင်း Tactical Raptor 2.0 က ဆိုသည်။
လေယာဉ်များကို အကာအကွယ် shelter များနှင့် မထားနိုင်လျှင် အသေခံဒရုန်းများဖြင့် တိုက်ခိုက်၍ရကြောင်း ယူကရိန်း စစ်မြေပြင် ဖြစ်ရပ်များက အကြိမ်ကြိမ် သက်သေပြလျက်ရှိသည်ဟု လည်း ထုတ်ပြန်ထားသည်။
“နိုင်ငံတကာထောက်ပံ့မှုမရှိတဲ့ ကိုယ့်အားကိုယ်ကိုး တော်လှန်ရေးအဖွဲ့တွေအတွက် piston အင်ဂျင်တပ် long range strike drone ထုတ်လုပ်နိုင်ဖို့ဆိုတာ တော်တော်လေးတော့ ခက်ပါတယ်။ ငွေကြေးအခက်အခဲတွေကြောင့် long range strike drone အဆင့်အထိ မလှမ်းနိုင်သေးဘဲ လက်ရှိသုံးနေတဲ့ quadcopter, hexacopter တွေ ဝယ်ရတာ၊ ဆုံးရှုံးတာ ပြန်လည်ဖြည့်တင်းတာ၊ jammer ကျော်နိုင်ဖို့ကိုပဲ ဦးစားပေးနေရပုံ ရပါတယ်”ဟုလည်း Tactical Raptor 2.0 က ဆိုသည်။
မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းကို စတင်အသုံးပြုခဲ့ပြီး စစ်တပ်ကို အထိနာစေခဲ့သော်လည်း ဗုံးသီးပစ်ချသည့် ဒရုန်းများကို ရှေ့တန်းမှာ သုံးခြင်းအပြင် စစ်ကော်မရှင် နောက်တန်းအထိ ခြိမ်းခြောက်နိုင်သော တာဝေးတိုက်ခိုက်ရေးဒရုန်းများ သုံးနိုင်သည့် အဆင့်အထိ ရောက်မလာနိုင်သေးကြောင်း နေပြည်တော် အေလာလေဆိပ်ကို ဒရုန်းများနှင့် တိုက်ခိုက်ခဲ့သော် လည်း symbolic attack သာဖြစ်ခဲ့ပြီး စစ်ရေးအရ အကျိုးသိပ်မရှိခဲ့ကြောင်းလည်း Tactical Raptor 2.0 က ထောက်ပြသည်။
ယခုအခါ စစ်ကော်မရှင်သည် တရုတ် Skyfend ကုမ္ပဏီထုတ် ဒရုန်းကာကွယ်ရေးစနစ်ကို စစ်ရေးအရ အရေးကြီးသည့် ရှေ့တန်းစခန်းများအထိ တိုးချဲ့တပ်ဆင်နေပြီး ယင်းစနစ်သည် တော်လှန်ရေးဒရုန်း များကို အတော်အတန်ကာကွယ်နိုင်သည်ဟု သိရကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့- MDSI၏ စစ်ဘက်သုတေသနတာဝန်ခံ CDMဗိုလ်မှူးနောင်ရိုးက ပြောသည်။
“အခုနောက်ပိုင်း စစ်တပ်က ဒရုန်းကို ကောင်းကောင်းသုံးရကောင်းမှန်းသိလာတယ်။ဒရုန်းနဲ့ပတ် သက်ရင် စစ်တပ်က ငွေပုံအောသုံးနိုင်တာ အရေးကြီးတဲ့ အားသာချက်ပါ။အဲဒီအားသာချက်နဲ့ တရုတ် ကနေ ဝယ်ပြီး လုပ်နေတာ။နည်းပညာပိုင်းမှာ PDF တွေက အသာကြီးပဲ။ဒါပေမဲ့၊ပြည်ပအ ကူအညီမရှိတော့ ငွေကြေးချို့တဲ့တယ်။စိတ်သွားတိုင်း ကိုယ်မပါဘူး”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ ပြောသည်။
စစ်တပ်သည် တန်ပြန်စစ်ဆင်ရေးများတွင် ဒရုန်းကို ပိုမိုအလေးထား အသုံးပြုလာကြောင်းလည်း MDSIကဆိုသည်။
