မန္တလေးမြို့ပေါ်သို့ အထုပ်အပိုးဖြင့် ရောက်ရှိနေသော လူငယ်၂ဦးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ပေါ်တာဆွဲသွားကြောင်း သိရသည်။
ဇူလိုင်၂၁ရက်၊နေ့ခင်း ၁၁နာရီခန့်တွင် အောင်မြေသာစံမြို့နယ်၊၂၂လမ်း ၂၁လမ်းကြား၊ ၈၈လမ်း ၈၉လမ်း၌ အထုပ်အပိုးနှင့်ရောက်ရှိနေသော အသက်၂၅ နှစ်ဝန်းကျင်ရှိ အမျိုးသား ၂ဦးကို ရုံးသာအုပ်ချုပ်ရေးမှူးချစ်ကိုအပါအဝင်၅ဦးက ဖမ်းဆီးသွားကြောင်း Voice of Mandalay က သတင်း ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူ၂ဦးသည် ရန်ကုန်မှ သပိတ်ကျင်းသို့ ပြန်ရန် မန္တလေးသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဘုရား အနီး နားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။
“ကျနော်တို့ မန္တလေး၊စစ်ကိုင်း၊မုံရွာ တစ်ကြောပေါ့။ ထူးခြားချက်က ပေါ်တာဆွဲတာကို လူတွေအလစ် ဝင်ဆွဲတာမျိုး မရှိတော့ဘူး။ဗြောင်ဆွဲတယ်။ ရန်ကုန်မှာလည်း ဆွဲပေမဲ့ ရန်ကုန်မှာက အလစ်ဆွဲတာ မျိုး။ မန္တလေးကတော့ လုတာယက်တာလည်း နေ့ခင်းလုပ်တာပဲ။ စစ်မှုထမ်းဆွဲတာလည်း လူတွေ ကြားထဲ ပေါ်တင်ဆွဲနေတာပဲ။ မန္တလေးမှာ နေ့တိုင်းဆွဲပါတယ်”ဟု ဒေသခံ လူမှုကူညီရေးသမားတစ် ဦးက MPAသို့ပြောသည်။
ဇူလိုင်၂၀ရက်၊နေ့ခင်း၁၁နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ် ၈၅လမ်း၊ ၃၈လမ်း မန်းမြို့စျေး အနောက်ပေါက် ဂိမ်းဆိုင်ဘက်၌ အသက်၂၀ ဝန်းကျင်ရှိ လူငယ်တစ်ဦးကို စစ်တပ်က အိမ်စီးကား ဖြင့် ဖမ်းဆီးသွားကြောင်းနှင့် ဇူလိုင်၂၀ရက်၊ည ၁၁နာရီခန့်တွင်လည်း မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၈၃လမ်း ၈၄လမ်းကြား တောင်ကြီး ပုံနှိပ်တိုက်ဆိုင်၌ အသက်၂၀ ဝန်းကျင်ရှိ လူငယ်တစ်ဦး ကိုလည်း စစ်တပ်က အိမ်စီးကားဖြင့် ဖမ်းသွားကြောင်း Voice of Mandalay က ထုတ်ပြန်ထားသည်။
