ရန်ကုန်မြို့၊ပုစွန်တောင်မြို့နယ်၊၉ရပ်ကွက်တွင် တိုက်အဝင် သံဘာဂျာတံခါး လည်ပင်းညပ်ကာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ပုစွန်တောင်မြို့နယ်၊၉ရပ်ကွက်၊အိမ်ကြီးလမ်းရှိ တိုက်တစ်တိုက်၏ အဝင်တံခါးတွင် လူတစ်ဦး သေဆုံးနေကြောင်း ယနေ့(ဇူလိုင်၂၃ရက်)နံနက် ၆နာရီ ၄၇မိနစ်ခန့်၌ အကြောင်းကြားခဲ့ကြောင်း ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းက သတင်းထုတ်ပြန်သည်။
“မနက်စောစော သံဘာဂျာတံခါးမှာ တန်းလန်းကြီး သေနေတာကို အဲတိုက်ကလူတွေပဲ တံခါးဖွင့်ဖို့ လုပ်ရင်း စမြင်ကြတာ။ပထမတော့ တိုက်ထဲ ဝင်ခိုးတဲ့လူလားပေါ့။ သေချာကြည့်တော့မှ အပေါ်ဆုံး တိုက်ခန်းက လူမှန်းသိတယ်။အင်မတန် ဖြစ်တောင့်ဖြစ်ခဲပဲလေ။တံခါးမှာ လည်ပင်းညပ်ပြီး သေတာ တစ်ခါမှ မကြားဖူးဘူး။ သေချင်တော့ ကြံဖန်သေရတယ်”ဟု ပုစွန်တောင်မြို့နယ်၊ရေကျော်လမ်းနေ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
၎င်းအမျိုးသားသည် တိုက်ခန်းလှေကားတံခါးသော့ကျန်ခဲ့ခြင်းကြောင့် ဘာဂျာတံခါးကို ဖြဲ၍ ကျော် ဝင်ရန် ကြိုးစားစဉ် လည်ပင်းညပ် သေဆုံးခြင်းဖြစ်သည်။
“ညနက်မှ ဖြစ်တာလို့ ပြောကြတယ်။ အားလုံးအိပ်နေတဲ့အချိန်ဆိုတော့ ဘယ်သူမှ မမြင်ဘူး။ သေ တဲ့သူကလည်း ညနက်ကြီးမို့ အကူအညီအော်တောင်းဖို့ အားနာလို့ မအော်ဘဲနေရင်း သေတာ ထင် တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းအမျိုးသားမှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ရုပ်အလောင်းကို ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီ ရေးအသင်းက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
