ရန်ကုန်လမ်းများပေါ် ရမ်းကားနေသော ပေါ်တာကြောင့် အလုပ်သွားသည့် လင်နှင့်သားတို့ အိမ်ပြန် မရောက်မချင်း စိုးရိမ်နေရဟု အိမ်ရှင်မများဆို

ဓာတ်ပုံ-AFP၊ RSN

ရန်ကုန်မြို့ လမ်းများပေါ် ပြောင်ပြောင်တင်းတင်း ပေါ်တာဆွဲနေမှုများကြောင့် အလုပ်သွားကြသည့် လင်နှင့်သားတို့ အိမ်ပြန်မရောက်မချင်း စိုးရိမ်ပူပင်နေကြရကြောင်း အိမ်ရှင်မများက ဆိုသည်။

ရန်ကုန်မြို့နေ အိမ်ရှင်မ၉ဦးကို MPA က မေးမြန်းခဲ့ရာ ၎င်းတို့က အထက်ပါအတိုင်း တညီတညွတ် တည်း ပြောကြသည်။

“အရင်တုန်းက မယုံဘူးလေ။ ကောလာဟလလို့ ထင်တာ။ဒီနောက်ပိုင်းမှ လမ်းပေါ်မှာ တကယ် လိုက်ဆွဲနေတယ်ဆိုတာ ယုံတယ်။ယုံတော့ စိတ်ပင်ပန်းရတော့တာပေါ့။အိမ်ကယောကျာ်းကို အမြဲ ဖုန်းဆက်နေရတယ်။အိမ်ပြန်မရောက်မချင်း ပူနေရတယ်”ဟု လှိုင်မြို့နယ်၊၂ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက MPAသို့ပြောသည်။

ရန်ကုန်လမ်းမများပေါ် ပေါ်တာဆွဲနေခြင်းကို ၂၀၂၅ခုနှစ်ကတည်းက သိရှိယုံကြည်ခဲ့ပြီး ယခုနှစ်အ တွင်း လူပျောက်ကြော်ငြာများကို မကြာခဏ တွေ့ရှိရသည့်အတွက် သားဖြစ်သူ အလုပ်သွားတိုင်း စိုး ရိမ်နေရကြောင်း အင်းစိန်၊ပေါက်တောဝနေ မိခင်တစ်ဦးက ပြောသည်။

“ကျမသားက အခုမှ ၃၀ကျော်ဆိုတော့ အလုပ်သွားလည်း ပူရတယ်။အိမ်မှာ ရှိနေလည်း ပူရတယ်။ ညသန်းခေါင်ဆိုလည်း ခြေသံတွေကြားရင် ဧည့်စာရင်းများလား ဆိုပြီး ကိုယ့်မှာ ထကြည့်ရပြန်တယ်။ တစ်တိုင်းပြည်လုံးကို ဒုက္ခပေးနေတဲ့ မအလ ကို ဘယ်လိုအကြောင်းနဲ့မှ ခွင့်လွှတ်နိုင်စရာမရှိဘူး”ဟု ၎င်းက ပြောသည်။

တောင်ဥက္ကလာပ၊နန္ဒဝန်ဈေးအနီးနေ အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူ၏ လုပ်ငန်းခွင်အခြေအနေ အရ ည၈နာရီကျော်မှသာ အိမ်ပြန်ရောက်သဖြင့် စက်ရုံ၌သာ နေခိုင်းတော့ကြောင်း ဆိုသည်။

“ဖယ်ရီရှိပေမဲ့ ညဘက် ဖယ်ရီကိုတားပြီး ဆွဲသွားနိုင်တယ်။အဲဒါကြောင့် သူဌေးကိုယ်တိုင်က စက်ရုံနဲ့ ဝေးတဲ့သူတွေကို စက်ရုံမှာပဲ နေစရာစီစဉ်ပေးတယ်။ပိတ်ရက်ကျမှ အိမ်ပြန်ပေါ့။အတူနေတုန်းက လည်း ပြန်မရောက်မချင်း ပူရတယ်။အတူမနေတော့လည်း ပူရတာပဲ”ဟု ၎င်းက ပြောသည်။

၎င်း၏ ခင်ပွန်းမှာ အသက်၄၀ကျော်ပြီဖြစ်သော်လည်း အသက်၅၀ကျော်သည့်တိုင် ပေါ်တာဆွဲနေသ ဖြင့် စိုးရိမ်နေရကြောင်း ဆိုသည်။
“ပေါ်တာမိသွားရင် လေး၊ငါးဆယ်(အသက်)လည်း ပိုက်ဆံမှမပေးရင် ပြန်မလွှတ်ဘူး။ခွေးတွေကို ကိုယ်ရှာထားတဲ့ငွေ ပေးမစားနိုင်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၂၄ခုနှစ်၊ဩဂုတ်လထဲတွင် တရုတ်နိုင်ငံသားပိုင် ကွိုင်စက်ရုံမှ ဝန်ထမ်းပြန်ပို့သည့် ဖယ်ရီကို အင်းစိန်မြို့နယ်၊တညင်းကုန်းအနီး၌ စစ်ကားတစ်စီးက တားကာ ဖယ်ရီပေါ်ပါလာသည့် စက်ရုံ လုပ်သား အမျိုးသား၂၃ဦးအား စစ်မှုထမ်းအတွက် ပေါ်တာဆွဲခဲ့ဖူးသည်။

အသက်၈၀နားနီးပြီဖြစ်သော လှိုင်မြို့နယ်နေ အမျိုးသမီးကြီးတစ်ဦးကလည်း ကားတစ်စီးဖြင့် လမ်းမ ပေါ် အလုပ်လုပ်နေရသော အသက်၅၀ကျော်အရွယ်ရှိ ၎င်း၏သား ပေါ်တာဆွဲခံရမည်ကို အမြဲတစေ စိုးရိမ်နေမိကြောင်း ဆိုသည်။

“အန်တီ့သားက စိတ်ဆတ်တယ်။သူ့ကို လာဖမ်းရင် ခံမှာမဟုတ်တော့ တစ်ခုခုဖြစ်မှာ စိုးရိမ်ရတယ်။ အခုက ၅၀ကျော်လည်း ဖမ်းနေတာ ထမင်းစားတဲ့လူတိုင်း သိတယ်”ဟု ၎င်းက ပြောသည်။

အိမ်ထောင်ရှင်မ ၉ဦးစလုံးက ၎င်းတို့၏ခင်ပွန်းနှင့်သားတို့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြုတ် မည်ကိုလည်း စိုးရိမ်နေကြကြောင်း ဆိုသည်။