နေပြည်တော်နှင့် မကွေးတိုင်းအစပ်ရှိ ရွှေပန်းရဲစခန်းနှင့် ဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်မှူး အပါအဝင် ၉ဦး သေဆုံးဟုဆို

နေပြည်တော်နှင့် မကွေးတိုင်းအစပ်ရှိ ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို PDF တို့ ဝင်ရောက်စီး နင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၉ဦးသေဆုံးသွားကြောင်း နေပြည်တော်PDF က သတင်း ထုတ်ပြန်သည်။

မကွေးတိုင်း၊မြို့သစ်မြို့နယ်အတွင်းရှိ ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို ယနေ့(ဇူလိုင်၂၅ရက်) နံနက်၃နာရီခန့်တွင် PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ခန့်အကြာ၌ စခန်းသိမ်းနိုင်ခဲ့ပြီး MA 1သေနတ်၃ လက်၊ MA 2(စက်ကလေး) တစ်လက်၊ G 3 တစ်လက်၊ ၄၀ မမ ပြောင်း တစ်ပြောင်း၊ ကျည်ဘောက်မျိုးစုံ ၁၀ ဘောက်၊ ၁၄မိုင်း ၆ လုံး၊ ၄၀ မမ အသီး ၉ လုံး၊ လက်ပစ်ဗုံး ၉ လုံး၊ ရှေ့ထွက် မိုင်း တစ်လုံး၊ ကျည်မျိုးစုံ ၂၀၀ ခန့်၊ ဖုန်း ၂ လုံးနှင့် ငွေသားကျပ် ၃၅ သိန်းခန့် သိမ်းဆည်းရမိခဲ့ကာ သိမ်းဆည်းမိသည့်အထဲ ဟောင်ဝှစ်ဇာအမြောက်တစ်လက် ပါဝင်သော်လည်း သယ်ယူရန် အခက်အခဲ ရှိသောကြောင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေပန်းရဲစခန်းနှင့်ဂိတ်တွင် စစ်သားနှင့် ရဲပူးပေါင်းအင်အား ၃၀ခန့်ရှိပြီး ဗိုလ်မှူးအဆင့် ကွပ်ကဲသည့် စခန်းဖြစ်ကာ မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော် လမ်းပိုင်းပေါ်၌ တည်ရှိသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရ စစ်သားနှင့်ရဲများလည်း ရှိပြီး ၎င်းတို့အားလုံး ထွက်ပြေးသွားကြ သဖြင့် စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်။

သေဆုံးသွားသူများထဲတွင် ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသော ရဲတပ်ကြပ်ကြီး တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို အမှတ် ၂စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနမှ တပ်ရင်းအမှတ် ၉၀၃နှင့် ၈၀၃တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDFရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။