မြန်မာလူထု ငြိမ်းချမ်းပါစေကြောင်းနှင့် ပုဂံသို့ လာလည်လိုကြောင်း ထိုင်းရဲအရာရှိ ဆုတောင်းပေး

ဓာတ်ပုံ - လူမှုကွန်ရက်

မြန်မာနိုင်ငံ အမြန်ဆုံး အေးချမ်းသာယာပြီး ငြိမ်းချမ်းရေး ရရှိပါက ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံသို့ လာရောက်လည်ပတ်လိုကြောင်း ထိုင်းရဲအရာရှိတစ်ဦး၏ ဆုတောင်းစကားနှင့် ပတ်သက်၍ မြန်မာနက်တီဇင်များအကြား နွေးထွေးသည့် မေတ္တာတုံ့ပြန်မှုများနှင့်အတူ လူမှုကွန်ရက်ပေါ်တွင် ရေပန်းစား လှုပ်ခတ်နေသည်။

အဆိုပါ ထိုင်းရဲအရာရှိက မြန်မာပြည်သူများ အမြန်ဆုံး ဘေးကင်း ငြိမ်းချမ်းကြပါစေကြောင်းနှင့် တိုင်းပြည် အေးချမ်းပါက မြန်မာ့ယဉ်ကျေးမှုနှင့် သဘာဝအလှအပများကို ကိုယ်တိုင်လာရောက် လေ့လာကြည့်ရှုလိုကြောင်း ဆုတောင်း မေတ္တာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြောကြားမှု ပျံ့နှံ့လာပြီးနောက် မြန်မာလူမှုကွန်ရက် အသုံးပြုသူများက နွေးထွေးစွာ ပြန်လည်ဖိတ်ခေါ်ခဲ့ကြသည်။

“ငြိမ်းချမ်းလို့ မြန်မာပြည် လာလည်ရင် ကြိုက်တဲ့နေရာပြော၊ အကုန် Free လိုက်ပို့ပေးမယ်။ မြန်မာဆိုတာ ဘယ်တော့မှ စေတနာ မနိမ့်ကျဘူး၊ မြန်မာပြည်က အကောင်းဆုံး ဆန်အရက်တွေ လိုက်တိုက်ပြီး သာယာလှပတဲ့ ပုဂံဘုရားတွေကို လိုက်ပို့ပေးမယ် ဦးရဲကြီး” ဟု U Thiha အမည်ရှိ နက်တီဇင်တစ်ဦးက အားရဝမ်းသာ မှတ်ချက်ပြု ရေးသားပြောဆိုသည်။

မြန်မာပြည်သူများ၏ နွေးထွေးသည့် တုံ့ပြန်မှုများနှင့် ပတ်သက်၍ အဆိုပါ ထိုင်းရဲအရာရှိကလည်း ယခုကဲ့သို့ ဖိတ်ခေါ်ပေးသည်ကိုသိရှိသွားပြီးနောက် ဝမ်းမြောက် ကျေးဇူးတင်ရှိကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည် အကြောင်းပြန်ခဲ့သည်။

လက်ရှိတွင် စစ်အုပ်စု၏ မတရား အာဏာသိမ်းမှုနှင့် အဓမ္မ စစ်မှုထမ်းဥပဒေတို့ကြောင့် လူငယ်အများအပြား အပါအဝင် မြန်မာနိုင်ငံသား မြောက်မြားစွာသည် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် ခိုလှုံ လုပ်ကိုင်နေကြရသည်။

လက်ရှိထိုင်းနိုင်ငံအတွင်း တရားဝင်ရောက်ရှိနေသူ ရွှေ့ပြောင်းမြန်မာဦးရေ ၇ သန်းခန့်ရှိသည်ဟု ရွှေ့ပြောင်းအရေးကူညီပေးသည့်အဖွဲ့များ၏ ခန့်မှန်းချက်အရ သိရသည်။

ယခုကဲ့သို့ အကျပ်အတည်းကာလအတွင်း မြန်မာစစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် စိတ်ဆင်းရဲစရာများနှင့် ရင်ဆိုင်နေရချိန်တွင် ထိုင်းအစိုးရနှင့် ပြည်သူများ၏ ကူညီစောင့်ရှောက်ပေးမှုကို ကျေးဇူးတင်ရှိကြောင်းလည်း မြန်မာနက်တီဇင်များက ရေးသားကြသည်။

“အာဏာရှင် အုပ်ချုပ်သူ လူတစ်စုကြောင့် ငါတို့နိုင်ငံ မငြိမ်မသက် ဖြစ်နေချိန်မှာ ခတ္တ နားခို၊ အလုပ်လုပ်ခွင့်ပေးတဲ့ ထိုင်းပြည်သူတစ်ဦးချင်းစီကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အာဏာရှင်တွေ ကျဆုံးပြီး မြန်မာပြည် အေးချမ်းတဲ့နေ့ ရောက်ရင် ထိုင်းပြည်သူတွေကို မြန်မာပြည်မှာ ထမင်းဖိတ်ကျွေးပြီး သာယာလှပတဲ့ မြန်မာပြည်အနှံ့ လိုက်ပို့ပေးချင်ပါတယ်” ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ထုတ်ဖော် ပြောဆိုသည်။

စစ်အုပ်စု၏ မတရား ဖိနှိပ်မှုများကြားမှ ထိုင်းရဲအရာရှိတစ်ဦး၏ မေတ္တာစကားသည် အခက်အခဲကြုံနေရသည့် မြန်မာပြည်သူများအတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ရပြီး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရေးနှင့် စေတနာတုံ့ပြန်မှုများကို ပိုမို ခိုင်မာစေခဲ့ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာများသည် နည်းလမ်းစုံ၊ နေရာစုံမှတစ်ဆင့် တရားမဝင်ဝင်ရောက်မှု နေ့စဉ်ရှိနေဆဲဖြစ်ပြီး ထိုင်းအာဏာပိုင်များကလည်း တိုးမြှင့်ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။